ရေတာရှည်တိုက်ပွဲမှာ ကာကွယ်ရေးရဲဘော် ၄ ဦးသေဆုံးပြီး စစ်ကောင်စီဘက်ကလည်းသေဆုံးသူများ

ရေတာရှည်တိုက်ပွဲမှာ ကာကွယ်ရေးရဲဘော် ၄ ဦးသေဆုံးပြီး စစ်ကောင်စီဘက်ကလည်းသေဆုံးသူများ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စစ်ကောင်စီနဲ့ဒေသခံတော်လှန်ရေးအဖွဲ့တွေတိုက်ပွဲဖြစ်ပြီး နှစ်ဘက် ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ရေတာရှည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဧပြီ ၁၇ ရက်မနက် ၆ နာရီကနေ ၉ နာရီအတွင်း အင်အား ၁၃၀ ကျော်ပါစစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံမဟာမိတ်အဖွဲ့တို့ မြောင်းတူ၊ ကြိတ်ပတီးနဲ့ ဆွာရွာမ ကျေးရွာတွေကြားမှာ ထိတွေ့ပစ်ခတ်မှု ၃ ကြိမ်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

"သူတို့ (စစ်ကောင်စီ)စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်တာ။ ၃ ကြိမ်လောက်ဖြစ်တယ်။ ဆွာရွာမဘက်ကို လာတာ။  စစ်ကောင်စီဘက်ကတော့ လေယာဥ်၊ လက်နက်ကြီးတွေနဲ့ ပစ်ကူတော်တော်လေးပေးခဲ့တာ။ တိုက်ပွဲက ၃ နာရီလောက်ဖြစ်သွားတာ"လို့ ရေတာရှည်ပကဖ တာဝန်ခံကပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က တိုက်လေယာဥ်နဲ့ ၂ ကြိမ်ဗုံးကြဲခဲ့သလို လက်နက်ကြီးအလုံးရေ ၆၀ ကျော်ပစ်ခတ်ခဲ့ပြီး ဒရုန်းတွေနဲ့လည်း ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃၀ ကျော်သေဆုံးခဲ့ကာ ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခံရလို့ တော်လှန်ရေးအဖွဲ့တွေဘက်က ၄ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ 

သေဆုံးသူ ကာကွယ်ရေးရဲဘော်တွေနဲ့ပတ်သက်တဲ့အချက်အလက်တွေနဲ့ နောက်ဆက်တွဲအခြေအနေ တွေကိုတော့ ပြောလို့မရသေးဘူးလို့ ရေတာရှည် ပကဖတာဝန်ခံက ပြောပါတယ်။

ထိတွေ့မှုဖြစ်ပြီးနောက် စစ်ကောင်စီစစ်ကြောင်းက ဆွာရွာမကျေးရွာအထိဝင်လာပြီး ဧပြီ ၁၈ ရက်မနက်ပိုင်းထိ တပ်စွဲနေကာ အနီးဝန်းကျင်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ဆွာရွာမ၊ မြောင်းတူ၊ ကြိတ်ပတီးကျေးရွာနဲ့ အနီးကျေးရွာတွေက ဒေသခံရာချီလည်း ဘေးလွတ်ရာ ထွက်ပြေးနေရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်မနက်ပိုင်းကလည်း ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာအနီးမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၉ ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ရေတာရှည် #တိုက်ပွဲ #သေဆုံးမှု #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10