ရေတာရှည်တိုက်ပွဲမှာ စစ်ကောင်စီ ၄၀ ကျော်သေဆုံးဟု NUG ထုတ်ပြန်

ရေတာရှည်တိုက်ပွဲမှာ စစ်ကောင်စီ ၄၀ ကျော်သေဆုံးဟု NUG ထုတ်ပြန်

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း နိုဝင်ဘာ ၁၆ ရက်က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်မတော် ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) စစ်ရုံးချုပ်က နိုဝင်ဘာ ၁၉ ရက် မနေ့က ထုတ်ပြန်ကြေညာပါတယ်။  

အဲ့ဒီတိုက်ပွဲဟာ ရေတာရှည်မြို့နယ်၊ ပိတောက်ကုန်းကျေးရွာအနောက်ဘက် အင်တိုင်းတောနဲ့ ကျေးရွာစာသင်ကျောင်း၊ ဘုန်းကြီးကျောင်းဝန်းကျင်အနီး ၄ ရက်ကြာ တပ်ဖျောက်နေခဲ့တဲ့ အင်အား ၁၅၀ ပါ ခလရ ၈၄/၁၉ စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းတပ်ဖွဲ့တွေကြား မနက် ၆ နာရီခန့်မှ ညနေ ၄ နာရီခွဲအထိ တနေကုန်ကြာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ 

 

စစ်ကောင်စီရဲ့ ခလရ ၈၄ တပ်ရင်းမှ ဗိုလ်ကြီးလှမျိုးသူ အပါအဝင် စစ်ကောင်စီတပ်သား ၄၀ ကျော်သေဆုံးကာ အများအပြားဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သေဆုံး၊ ဒဏ်ရာရသူတွေကို သုံးဘီးနဲ့ ၃ ခေါက်သယ်ယူသွားပြီး စစ်တောင်းမြစ်ကို လှေနဲ့ ၉ ခေါက်ဖြတ်ကူးကာ သယ်ထုတ်သွားခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

စစ်ကောင်စီဘက်က အကျအဆုံးများတဲ့အတွက် လက်နက်ကြီးပစ်ကူနဲ့ လေကြောင်းပစ်ကူတွေကို တနေကုန် အသုံးပြုခဲ့ရတယ်လို့ ဆိုပါတယ်။ 

တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ စစ်တောင်းမြစ်အရှေ့ဘက်မှာဖြစ်ပြီး သာဂရမြို့၊ ဆွာမြို့တို့နဲ့ ၈ မိုင်ဝန်းကျင်ခန့်သာ ကွာဝေးပါတယ်။ 

အထက်ပါ တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပုဝါနီစစ်ကြောင်း၊ ကီကူးစစ်ကြောင်း၊ နေပြည်တော်ရိုးမစစ်ကြောင်း၊ ၃၅၀၁ တပ်ရင်းမှ တပ်ခွဲ ၃ နှင့် ၄၊ သံတောင်မြောက်ပိုင်း အထူးဒေသ စစ်ကြောင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာမှာ တော်လှန်ရေး ရဲဘော် ၃ ဦးသေဆုံးပြီး ရဲဘော် ၈ ဦး မစိုးရိမ်ရ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။  

နိုဝင်ဘာ ၁၁ ရက်ကလည်း ရေတာရှည်မြို့နယ်၊ ရေတာရှည်လေးကျေးရွာဘက်ကနေ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပိတောက်ကုန်းကျေးရွာအုပ်စု၊ အင်းကြီးပေါက်အနီးမှာ KNLA၊ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က အရာရှိ ၁ ဦးအပါအဝင် ၅ ဦး သေဆုံးခဲ့ပါသေးတယ်။ 

"ရေတာရှည်လေးနဲ့ အင်းပေါက်ကုန်းကိုအလာ အင်းပေါက်ကုန်းအတက်မှာ ဖြစ်တာ။ တိုက်ပွဲက ၄၅ မိနစ်လောက် အပြန်လှန်ပစ်ကြတာ"လို့ ရေတာရှည်မြို့နယ် ပကဖ တာဝန်ခံကပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦးအပါအဝင် ၅ ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရသွားကာ KNLA ပူးပေါင်းတပ်ဘက်က ၁ ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ 

တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း ရေတာရှည် ၆၀၄ ဒုံးတပ်နဲ့ ဆွာ ခမရ ၁၉ တပ်တွေကနေ လက်နက်ကြီး ပစ်ကူပေးခဲ့ရာ စစ်ကောင်စီဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးဟာ ရေတာရှည်လေးကျေးရွာ ဘုန်းကြီး ကျောင်းအနီးကိုကျပြီး ကျောင်းဘေးမှာရှိနေတဲ့ ဆရာတော် ဦးရေဝတ သက်တော် ၅၀ နှစ်ကျော်ကို ထိခိုက်ပြီးနေရာမှာပဲ ပျံလွန်တော်မူသွားတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

#ပဲခူးတိုင်း #တောင်ငူခရိုင် #ရေတာရှည်မြို့ #စစ်ကောင်စီ #ပြည်သူ့ ကာကွယ်ရေးတပ်မတော် #အမျိုးသားညီညွတ်ရေးအစိုးရ #ကာကွယ်ရေးဝန်ကြီးဌာန #PDF #စစ်ရုံးချုပ် #ပိတောက်ကုန်းကျေးရွာ # ရေတာရှည်လေးကျေးရွာ #တိုက်ပွဲ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10