ရေတာရှည်တိုက်ပွဲ စစ်ကောင်စီလေကြောင်းသုံးတိုက်ခိုက် နှစ်ဖက်ထိခိုက်သေဆုံးရှိ

ရေတာရှည်တိုက်ပွဲ စစ်ကောင်စီလေကြောင်းသုံးတိုက်ခိုက် နှစ်ဖက်ထိခိုက်သေဆုံးရှိ

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ရွှေသောင်ကျေးရွာက တိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းသုံးတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံး ရှိတယ်လို့ သံတောင်မြောက်ပိုင်း အထူးဒေသတပ်ခွဲ (၄) ဒေါင်းမင်းသားညီနောင်စစ်ကြောင်းထံက သိရပါတယ်။

စက်တင်ဘာ ၇ ရက် ညနေ ၃ နာရီခန့်က ရွှေသောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ အင်အား ၁၀၀ ကျော်နဲ့တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်ရာမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

"စကစ စစ်ကြောင်းက တိုက်ပွဲမဖြစ်ခင် ၃ ရက်လောက်ကတည်းက ရောက်နေတာ။ တိုက်ပွဲက ၄၅ မိနစ်လောက်ဖြစ်သွားတယ်။ စကစဘက်က လေကြောင်းသုံးတိုက်ခိုက်တာတွေလုပ်လာလို့ ပြန်ဆုတ်ခဲ့ရတယ်" လို့ သံတောင်မြောက်ပိုင်း အထူးဒေသတပ်ခွဲ (၄) ဒေါင်းမင်းသားညီနောင်စစ်ကြောင်းတာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီဘက်က ရဟတ်ယာဥ်တစီး၊ တိုက်လေယာဥ်တစီး အသုံးပြုပြီး နာရီဝက်နီးပါး ပစ်ခတ်တာနဲ့ ဗုံးကြဲတာတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရကာ KNLA ပူးပေါင်းတပ်တွေဘက်က ၁ ဦးသေဆုံးတယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့လို့ ရွှေသောင်ရွာ၊ ကျောက်ပုံရွာက ဒေသခံ ၆၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီတပ်ကတော့ ဘုန်းကြီးကျောင်းမှာပဲ ဆက်လက်တပ်စွဲ နေထိုင်နေပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကိုတော့ KNU တပ်မဟာ ၂၊ အဘဦးကိုကြီး ဦးဆောင်သော သံတောင်မြောက်ပိုင်းအထူးဒေသ NTDF၊ သံတောင်မြောက်ပိုင်းအထူးဒေသတပ်ခွဲ (၄) ဒေါင်းမင်းသားညီနောင်စစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့တို့မှ လုပ်ဆောင်ခဲ့တာပါ။

စစ်ကောင်စီတပ်မှ ကရင်ပြည်နယ် သံတောင်မြို့နယ်နဲ့ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အစပ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ဗျူဟာလမ်းတလျှောက် စစ်အင်အားဆက်လက်ဖြည့်တင်းနေပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ရေးအခြေနေ ဆက်လက်တင်းမာနေတယ်လို့ သိရပါတယ်။

ဇူလိုင် ၃၀ ရက်ကလည်း ရေတာရှည်မြို့နယ်၊ ရေဇင်ကျေးရွာနဲ့ ဒိုးတန်းကျေးရွာကြား စစ်တောင်းမြစ်ထဲမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံးသွားပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်ကောင်စီ #KNU/KNLA #NTDF #တိုက်ပွဲဖြစ်ပွား #စစ်ရှောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10