ရေတာရှည်နယ်က ကျေးရွာတွေမှာ ရထားလမ်းကင်းစောင့်ဖို့ စစ်ကောင်စီက ဖိအားပေးနေ

ရေတာရှည်နယ်က ကျေးရွာတွေမှာ ရထားလမ်းကင်းစောင့်ဖို့ စစ်ကောင်စီက ဖိအားပေးနေ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အတွင်းက ကျေးရွာနေပြည်သူတွေကို ရထားလမ်းကင်းစောင့်ဖို့ စစ်ကောင်စီဘက်က ဖိအားပေးနေတယ်လို့ ရေတာရှည်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

အခုနှစ် ဇန်နဝါရီပထမပတ်ကစတင်ပြီး ရေတာရှည်မြို့နယ်အပိုင် ရန်ကုန်-မန္တလေး လမ်းပိုင်းအနီး ဝန်းကျင်ရှိ ကျေးရွာတွေမှာ ရထားလမ်းကင်းစောင့်ရမယ်ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတဆင့် ဒေသခံတွေကို စစ်ကောင်စီဘက်က ဖိအားပေးနေတာလို့ ဆိုပါတယ်။

"ပထမက ပြည်သူ့စစ်ပေးဖို့ တောင်းတယ်။ လုပ်လိုသူတွေမရှိလို့ ခုတခါ ရထားလမ်းကင်းစောင့်ဖို့ လုပ်ခိုင်းတယ်။ ဒါကိုလည်း လုပ်လိုတဲ့သူတွေမရှိကြလို့ ထွေအုပ်ကနေပြီး ကျေးရွာအုပ်ကြီးတွေကို ဖိအားပေးနေတယ်။" လို့ ရေတာရှည် ပကဖတာဝန်ရှိသူက ပြောပါတယ်။

နိုင်ကျော်၊ ညောင်ပင်သာ၊ ကုန်းကြီး၊ ဝါးတောကြီး၊ ငါးကြီးကွေ့၊ ဒေါင်းကျကျေးရွာအုပ်စုတွေအပါအဝင် ကျေးရွာအုပ်စု ၁၀ စုခန့်က ကျေးရွာ ၆၀ ကျော်က ဒေသခံတွေကို ကင်းစောင့်ဖို့ ဖိအားပေးနေတာပါ။ 

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွေ မကြာခဏဆိုသလို မိုင်းထောင်ဖောက်ခွဲတာတွေရှိနေလို့ စစ်ကောင်စီဘက်က ဒေသခံပြည်သူတွေကို ကြားခံအသုံးချကာ ရထားလမ်း ကင်းစောင့်ခိုင်းနေတာလို့လည်း သူကဆက်ပြောပါတယ်။

ရထားလမ်းကင်းစောင့်ဖို့ လက်မခံတဲ့ ကျေးရွာတွေထဲမှာတော့ အုပ်ချုပ်ရေးမှူးတွေက ငွေကြေးကောက်ခံကာ ရထားလမ်းအနီးမှာ တမိုင်လျင် ကင်းတဲ တလုံးနှုန်းဆောက်ပေးကြရတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်ကလည်း ကျေးရွာတွေထဲကို ရှောင်တခင် ဝင်ရောက်စစ်ဆေးတာတွေလုပ်နေပြီး ကျေးရွာနေသူအချို့ကို ဖမ်းဆီးကာ ပြည်သူ့စစ်ထဲ ဝင်ခိုင်းနေတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။

ကျေးရွာထဲကနေ ဖမ်းဆီးရမိသူအချို့နဲ့ စစ်ကောင်စီထောက်ခံသူအချို့ကိုတွဲကာ မြို့လှအနောက်ဘက် အမှတ် ၃၀၂၅ သံချပ်ကာတပ်ထဲမှာ စစ်သင်တန်းပေးနေတာ တလကျော်ရှိနေပြီလို့လည်း ရေတာရှည် ပကဖတာဝန်ရှိသူက ပြောပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ရေတာရှည် #စစ်ကောင်စီ #ရထားလမ်း #ကင်းစောင့်ခိုင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10