ရေတာရှည်နယ် တလအတွင်းတိုက်ပွဲတွေမှာ PDF ၂ ဦးသေဆုံးပြီး  စစ်အုပ်စုတပ်ဖွဲ့ဝင် ၈၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့ ဟုဆို

ရေတာရှည်နယ် တလအတွင်းတိုက်ပွဲတွေမှာ PDF ၂ ဦးသေဆုံးပြီး စစ်အုပ်စုတပ်ဖွဲ့ဝင် ၈၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့ ဟုဆို

 

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်အတွင်းမှာ အောက်တိုဘာလ တလတာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ကျော်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်လို့ တောင်ပိုင်းတိုင်း အမှတ် ၂ စစ်ဒေသခွဲပြန်ကြားရေးထံက သိရပါတယ်။

ရေတာရှည်မြို့နယ်အတွင်း ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပုဝါနီစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့တို့အကြား တလအတွင်း တိုက်ပွဲ ၁၁ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။

"ကျနော်တို့ဘက်က နယ်မြေကာကင်းတွေထုတ်ထားချိန်မှာ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်တာများပါတယ်။ ဒီဘက်ကလည်း သူတို့တပ်စွဲနေရာတွေကို သွားတိုက်တာလဲရှိတယ်"လို့ တောင်ပိုင်းတိုင်း အမှတ် ၂ စစ်ဒေသခွဲပြန်ကြားရေးတာဝန်ခံ ကိုစောဒိုရှုင်းက ပြောပါတယ်။

တိုက်ပွဲ ၁၁ ကြိမ်အတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့်ရှိသူ ၂ ဦး အပါအဝင် ၈၀ ဦး အထက်သေဆုံး၊ ၃၄ ဦးထက်မနည်းဒဏ်ရာရှိကာ ပုဝါနီစစ်ကြောင်းနဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၂ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်တွေဆီက RPG နဲ့ ၆၀ မမ ဗုံးသီးများသိမ်းဆည်းရမိခဲ့သလို ပူးပေါင်းတပ်ဘက်က အေကေ ၁ လက်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ပုဝါနီစစ်ကြောင်း၊ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေဟာ ရေတာရှည်မြို့နယ်အတွင်းရှိ နဂျပ်ထက်၊ စည်ပိုင်း၊ ဆယ်ဝါးတော၊ စည်ပင်သာယာ၊ ကျောက်ပုံ၊ သစ်ချဆိပ် ၊ ကျွန်းကုန်း၊ ရှမ်းရွာလေး၊ မိချောင်းအိုင်၊အေးသာယာ စတဲ့ရွာတွေနဲ့ စစ်တောင်းမြစ်ကူးတံတားအနီးတွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။

လက်ရှိမှာတော့ ရေတာရှည်မြို့နယ်အတွင်းမှာ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီဘက်က စစ်သား၊ ပျူ စောထီး၊စစ်မှုထမ်းဟောင်းတွေကိုပါအားဖြည့်ပြီး အင်အားတိုးချဲ့ထားတာတွေရှိနေတယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦးသေဆုံး၊ နေအိမ် ၂ လုံးပျက်စီးကာ  ပြည်သူ ၅၅၀ ကျော် စစ်ဘေးရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ရေတာရှည် #တိုက်ပွဲဖြစ်ပွား #စစ်ကောင်စီတပ် #PDF #သေဆုံးမှု #MilitaryCoup #မြေလတ်သတင်း #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10