ရေတာရှည်မြို့နယ်အတွင်း တိုက်ပွဲ ၂ ရက်ဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းပစ်ကူယူနေရ

ရေတာရှည်မြို့နယ်အတွင်း တိုက်ပွဲ ၂ ရက်ဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းပစ်ကူယူနေရ

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ပိတောက်ကုန်းကျေးရွာအုပ်စု၊ ရေတာရှည်လေးကျေးရွာအနီးမှာ တိုက်ပွဲ ၂ ရက်ဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းပစ်ကူပေးနေတယ်လို့ ရေတာရှည်မြို့နယ်ပကဖထံက သိရပါတယ်။

ရေတာရည်လေးကျေးရွာဘက်ကို အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေဟာ နိုဝင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက် မနက်ပိုင်းတွေမှာ တိုက်ပွဲပြင်းထန်နေတာလို့ ဆိုပါတယ်။

အဲ့ဒီလို တိုက်ပွဲဖြစ်နေချိန် နိုဝင်ဘာ ၁၇ ရက် မနက် ၁၀ နာရီခန့်မှာတော့ စစ်ကောင်စီတပ်က Mi 35 ရဟတ်ယာဥ်နဲ့ ၃ ကြိမ်လာပစ်သွားတယ်လို့ သိရပါတယ်။

"မနေ့က တနေကုန် ၂ ကြိမ်ဖြစ်တယ်။ ဒီမနက် အစောပိုင်းကတည်းက ဖြစ်နေတာ။ စကစဘက်က လေကြောင်းပစ်ကူနဲ့လည်း လာပစ်နေတာ။ တိုက်ပွဲကတော့ ဖြစ်နေတုန်းပဲ" လို့ ရေတာရှည်ပကဖ တာဝန်ရှိသူက ပြောပါတယ်။

တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးရှိနိုင်ပြီး အရေအတွက်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

နိုဝင်ဘာ ၁၆ ရက် ညပိုင်းမှာတော့ ဆွာ ခမရ ၁၉ တပ်ကနေ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရေတာရှည်လေးနဲ့ စည်ပင်ကျေးရွာအနီးတွေကို ကျရောက်ပေါက်ကွဲတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။

လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတာကြောင့် ရေတာရှည်လေးကျေးရွာက အရပ်သားနဲ့သံဃာတော်တွေ ထိခိုက်သေဆုံးတာရှိတယ်လို့ သိရပြီး အတည်ပြုနိုင်ဖို့ မြေလတ်အသံက စုံစမ်းနေပါတယ်။

နိုဝင်ဘာ ၁၁ ရက်ကလည်း ရေတာရှည်မြို့နယ်၊ အင်းကြီးပေါက်ကျေးရွာနားမှာ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ် တိုက်ခံရပြီး အရာရှိ ၁ ဦးအပါအဝင် ၅ ဦးသေ၊ ၇ ဦးဒဏ်ရာရပြီး စစ်ကောင်စီဘက်က ပစ်တဲ့ လက်နက်ကြီးထိလို့ သံဃာ ၁ ပါး ပျံလွန်တော်မူသွားတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ရေတာရှည်မြို့ #ရေတာရှည်လေးကျေးရွာ #စစ်တပ် #လေယာဥ်  #Mi35 #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10