ရေတာရှည်မှာ တိုက်ပွဲဖြစ်ပြီး ဗိုလ်ကြီး ၁ ဦးအပါ ၅ ဦးသေ၊ လက်နက်ကြီးကျည်ထိလို့ သံဃာ ၁ ပါးပျံလွန်တော်မူ

ရေတာရှည်မှာ တိုက်ပွဲဖြစ်ပြီး ဗိုလ်ကြီး ၁ ဦးအပါ ၅ ဦးသေ၊ လက်နက်ကြီးကျည်ထိလို့ သံဃာ ၁ ပါးပျံလွန်တော်မူ

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ အင်းကြီးပေါက်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရတာကြောင့် အရာရှိ ၁ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပြန်ပစ်ခတ်တဲ့အတွက် သံဃာ ၁ ပါး ကျည်ထိမှန် ပျံလွန်တော်မူခဲ့တယ်လို့ ရေတာရှည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

နိုဝင်ဘာ ၁၁ ရက် မနက် ၈ နာရီလောက်မှာ ရေတာရှည်လေးကျေးရွာဘက်ကနေ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို KNLA၊ PDF ပူးပေါင်းတပ်တွေက ကြားဖြတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ရေတာရှည်လေးနဲ့ အင်းပေါက်ကုန်းကိုအလာ အင်းပေါက်ကုန်းအတက်မှာ ဖြစ်တာ။ တိုက်ပွဲက ၄၅ မိနစ်လောက် အပြန်လှန်ပစ်ကြတာ"လို့ ရေတာရှည်မြို့နယ် ပကဖ တာဝန်ခံကပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦးအပါအဝင် ၅ ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရသွားကာ KNLA ပူးပေါင်းတပ်ဘက်က ၁ ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ 

တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း ရေတာရှည် ၆၀၄ ဒုံးတပ်နဲ့ ဆွာ ခမရ ၁၉ တပ်တွေကနေ လက်နက်ကြီးပစ်ကူပေးခဲ့ရာ စစ်ကောင်စီဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးဟာ ရေတာရှည်လေးကျေးရွာ ဘုန်းကြီးကျောင်းအနီးကိုကျပြီး ကျောင်းဘေးမှာရှိနေတဲ့ ဆရာတော် ဦးရေဝတ သက်တော် ၅၀ နှစ်ကျော်ကို ထိခိုက်ပြီး နေရာမှာပဲ ပျံလွန်တော်မူသွားတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က အထိနာတာကြောင့် အင်းကြီးပေါက်ကျေးရွာကို ဝင်ရောက်ပြီး ဒေသခံတွေရဲ့ နေအိမ် ၁၇ လုံးကိုပါ မီးရှို့သွားတယ်လို့ ဆိုပါတယ်။

အခုလို တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ပိတောက်ကုန်း၊ ရေတာရှည်လေးနဲ့ အင်းပေါက်ကြီးကျေးရွာက ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

နိုဝင်ဘာ ၁၃ ရက်ဒီနေ့အထိ အဲ့ဒီ စစ်ကောင်စီစစ်ကြောင်းဟာ ပြန်မဆုတ်သွားသေးဘဲ ဆွာမကြီးကျေးရွာ အနီးဝန်းကျင်မှာ တပ်စွဲနေထိုင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်ကလည်း ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ရွှေသောင်ကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရပြီး တိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းသုံးတိုက်ခိုက်ခဲ့တာရှိခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂ ဦးသေ၊ ၁၀ ဦးဒဏ်ရာရခဲ့သလို KNLA ပူးပေါင်းတပ်ဘက်က ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ရေတာရှည် #အင်းကြီးပေါက် #ရေတာရှည်လေး #တိုက်ခိုက် #စစ်ကောင်စီ #သေဆုံး #သံဃာ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10