ရေတာရှည်မှာတိုက်ပွဲဖြစ်၊ မိုင်းမတော်တဆမှုကြောင့် ကာကွယ်ရေးရဲဘော် ၁ ဦးထိခိုက်

ရေတာရှည်မှာတိုက်ပွဲဖြစ်၊ မိုင်းမတော်တဆမှုကြောင့် ကာကွယ်ရေးရဲဘော် ၁ ဦးထိခိုက်

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဒိုးတန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တိုက်ပွဲဖြစ်ပြီး မိုင်းမတော်တဆမှုကြောင့် ကာကွယ်ရေးရဲဘော်၁ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ရေတာရှည်မြို့နယ်ပူးပေါင်းစစ်ကြောင်းမှ ကာကွယ်ရေးရဲဘော် ၁ ဦးက ပြောပါတယ်။ 

အောက်တိုဘာ ၁၉ ရက် မနက် ၅ နာရီခန့်မှာ  ရွာမြောက်ပိုင်းမှာ အထိုင်ချတပ်စွဲထားတဲ့ အင်အား ၅၀ ကျော်ပါ စစ်ကောင်စီအဖွဲ့တွေကို သွားရောက်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။

"ဒိုးတန်းမှာအထိုင်ချထားတဲ့တပ်ကို စစ်တောင်းမြစ်ကူးပြီး သွားပစ်တာ။ ပြဿနာကမြစ်ရေကြီးထားတော့နုန်းတွေက ပေါင်လည်လောက်ဖြစ်နေတော့တိုက်ပွဲက မတွင်ဘူးပေါ့။ အဲ့မှာ ကိုယ့်ရဲဘော် ၁ ယောက်ကလည်း မိုင်းအက်စီးဒင့်ဖြစ်တော့ ပြန်ခွာခဲ့ရတယ်။ နာရီဝက်လောက်ပါပဲ ဖြစ်တာက" လို့ ရေတာရှည်မြို့နယ်ပူးပေါင်းစစ်ကြောင်းမှ ကာကွယ်ရေးရဲဘော် ၁ ဦးက ပြောပါတယ်။ 

တိုက်ပွဲအတွင်း ၆၀ မမ၊ RPG တွေနဲ့ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိနိုင်ကာ အခြေအနေအသေးစိတ်ကတော့ စုံစမ်းဆဲလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်နေချိန် စစ်ကောင်စီစစ်ကူလာနိုင်တဲ့ အောင်ချမ်းသာရွာနဲ့ ဒိုးတန်းကျေးရွာကြားမှာ မိုင်းထောင်စဥ် မိုင်းမတော်တဆဖြစ်ပြီး ရဲဘော် ၁ ဦးပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

တိုက်ပွဲနောက်ဆက်တွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။ 

စက်တင်ဘာလ ၈ ရက်မှာ ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာ ရွာမ၊ ကဲလင်းဆိပ်ရွာသစ် ရှားတောပိုင်းနဲ့ ရွာသာယာတို့မှာ တိုက်ပွဲမရှိဘဲ  စစ်တပ်က ဒရုန်းဗုံးချတိုက်ခိုက်မှုကြောင့်  ပြည်သူ ၃ ဦး သေဆုံးပြီး တော်လှန်ရေးရဲဘော်တွေအပါ ၁၂ ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။

ပုံစာ - ရေတာရှည်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် ပုဝါနီစစ်ကြောင်းမှကာကွယ်ရေးရဲဘော်များကို ရှေ့တန်းတနေရာ‌တွင်တွေ့ရစဉ်။ (ပုံဟောင်း) 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ရေတာရှည် #စစ်ကောင်စီ #တိုက်ပွဲ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10