ရေတာရှည်မှာ စစ်ကောင်စီခန့် ရာအိမ်မှူး နေအိမ်မှာ ပစ်သတ်ခံရ

ရေတာရှည်မှာ စစ်ကောင်စီခန့် ရာအိမ်မှူး နေအိမ်မှာ ပစ်သတ်ခံရ

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဒိုးတန်းရွာအုပ်စု၊ တခွဲကျဲကျေးရွာမှာ စစ်ကောင်စီခန့် ရာအိမ်မှူးတဦး နေအိမ်မှာ ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

ဇွန်လ ၇ ရက် မနက် ၁၀ နာရီကျော်မှာ တခွဲကျဲကျေးရွာနေ ရာအိမ်မှူး ဦးကိုလေး အသက် ၆၀ နှစ်ကျော်၊ နေအိမ်မှာရှိနေချိန် သွားရောက်ရှင်းလင်းခဲ့တယ်လို့ ရေတာရှည်မြို့နယ် ပကဖ တာဝန်ရှိသူကပြောပါတယ်။

အသတ်ခံရသူဟာ ရေတာရှည်မြို့နယ်ထဲက ဒလန်ရှင်းရမယ့်စာရင်းထဲမှာ နံပါတ် ၅ အဆင့်ရှိပြီး သူ့ကို ရာအိမ်မှူး ဆက်မလုပ်ဖို့ အကြိမ်ကြိမ်း သတိပေးခဲ့ပေမယ့် မလိုက်နာတဲ့အတွက် အခုရှင်းလင်းခဲ့တာဖြစ်တယ်လို့ ဆိုပါ တယ်။

"သူ့ကိုရှင်းချိန် သူ့မိသားစုဝင်တွေ ရှိနေပေမယ့် ဘာမှ မလုပ်ခဲ့ဘူး။ ထွက်ပြေးလို့ ကျည် ၂ ချက်ပစ်ခဲ့တာ။ အိမ်နောက်ဖေးနားမှာ ဦးခေါင်းကျည်ထိပြီး သေသွားတယ်" လို့ ရေတာရှည်မြို့နယ် ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဦးကိုလေးဟာ စစ်ကောင်စီနဲ့ပေါင်းပြီး PDF တွေရဲ့ သတင်းပေးတာ၊ စိုက်ဘဏ်ချေးငွေတွေကို အတင်းအကြပ် ကောက်ခံတာတွေရှိသလို ပျူစောထီးအဖွဲ့ဝင်တဦးဖြစ်ပြီး သေနတ်အတုပြကာ ရွာသားတွေကို ခြိမ်းခြောက်မှုတွေရှိနေလို့ ရှင်းပစ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ရာအိမ်မှူး ဦးကိုလေး ပစ်သတ်ခံရပြီး ၃ နာရီလောက်ကြာမှာ စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင် ၂၀ ဦးလောက်က တခွဲကျဲကျေးရွာကို ရောက်လာပြီး စစ်ဆေးမှုလုပ်ကာ ပြန်သွားတယ်လို့ သိရပါတယ်။

မေလ ၁၅ ရက်က ရေတာရှည်မြို့နယ်၊ စည်ပိုင်းအုပ်စု၊ ရှမ်းစုရွာနေပြည်သူစစ်ခေါင်းဆောင်  ဦးကျော်ဆွေဦး ၄၀ နှစ်ဟာ နေအိမ်ကနေ ဖမ်းဆီးခံရပြီး လမ်းတနေရာမှာ ရှင်းလင်းခံခဲ့ရသေးတယ်လို့ သိရပါတယ်။

 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ရေတာရှည် #ရာအိမ်မှူး #တခွဲကျဲကျေးရွာ #PDF #ပျူစောထီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10