ရေတာရှည်မှာ စစ်တပ်စစ်ကြောင်းကြားဖြတ်တိုက်ခံရလို့ ၈ ဦးသေဆုံးပြီး အလောင်းဆွဲကာ ပြန်ဆုတ်သွား

ရေတာရှည်မှာ စစ်တပ်စစ်ကြောင်းကြားဖြတ်တိုက်ခံရလို့ ၈ ဦးသေဆုံးပြီး အလောင်းဆွဲကာ ပြန်ဆုတ်သွား

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာအနီးမှာ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၈ ဦးသေဆုံးတယ်လို့ ရေတာရှည် ပကဖထံက သိရပါတယ်။

ဒီဇင်ဘာ ၂၄ ရက် မနေ့မနက် ၇ နာရီခွဲခန့်မှာ ပတောင်းရွာကနေ ကဲလင်းဆိပ်ဘက်ကို အင်အား ၈၀ ခန့်နဲ့စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအဖွဲ့ကို ကဲလင်းဆိပ်ကျေးရွာအဝင် သင်္ချိုင်းအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

" ရှေ့ရက်တွေမှာ ဒီဘက်အဖွဲ့တွေက ကဲလင်းဆိပ်ဘက်ကို နယ်မြေရှင်းလင်းရေးလုပ်တာကို သူတို့သတင်းရသွားလို့ စစ်ကြောင်းထိုးလာတာနေမယ်။ ပစ်ခတ်မှုကတော့ နာရီဝက်နီးပါးလောက်ပဲ ကြာမယ်။ စကစဘက်က ပြန်ဆုတ်သွားတယ်"လို့ ရေတာရှည်မြို့နယ် ပကဖတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းပြန်ဆုတ်ပြီးနောက် တိုက်ပွဲဖြစ်ပွားရာနေရာကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ အလောင်းတွေကို ဆွဲသွားတဲ့ သွေးစွတ်ကြောင်းတွေ တွေ့ရှိရပြီး ကျည်ဆံအချို့နဲ့ စစ်သုံးပစ္စည်းအချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သူက ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၅ ဦး နေရာမှာသေဆုံးပြီး ဆုတ်ခွာရာလမ်းကြောင်းမှာ ဒဏ်ရာရသူတွေထဲက ၃ ဦးထပ်မံသေဆုံးတယ်လို့ ဒေသခံတွေထံကရရှိတဲ့သတင်းတွေကို ကိုးကားပြီး ပကဖတာဝန်ခံက ပြောပါတယ်။

အဆိုပါ တိုက်ပွဲကို ပုဝါနီစစ်ကြောင်းနဲ့ ကူကီးစစ်ကြောင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိနာတဲ့စစ်ကြောင်းဟာ ပြန်လည်ဆုတ်ခွာသွားပြီးနောက် ကျွဲရိုင်းပြင်တံတားက စစ်ကောင်စီအဖွဲ့တွေထံ သွားရောက်ပူးပေါင်းအခြေပြုနေတယ်လို့ သိရပါတယ်။

ရေတာရှည်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းတွေနဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား မကြာခဏထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီး ကာကွယ်ရေးတပ်တွေဘက်က နေပြည်တော်အနီးက လမ်းပိုင်းတွေ အထိတက်ရောက်လှုပ်ရှားနေတာလည်း ဖြစ်ပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ရေတာရှည် #တိုက်ပွဲသတင်း #စစ်တပ်စစ်ကြောင်း #ကြားဖြတ်တိုက်ခံရ #သေဆုံးမှု #များပြား #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10