ရေတာရှည်မှာ စစ်တပ်သတင်းပေး လင်မယား ၂ ဦး အသတ်ခံရ

ရေတာရှည်မှာ စစ်တပ်သတင်းပေး လင်မယား ၂ ဦး အသတ်ခံရ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ သိုင်းဝကျေးရွာအုပ်စု၊ ကျွန်းတောစုကျေးရွာက စစ်တပ်သတင်းပေး လင်မယား ၂ ဦး ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တဦးဆီက သိရပါတယ်။ 

မတ်လ ၁၀ ရက် ည ၁၀ နာရီကျော်လောက်မှာ အသက် ၅၀ ကျော်အရွယ် ဦးရွှေအိုးနဲ့ ဇနီးဖြစ်သူ အသက် ၄၀ ကျော်အရွယ် ဒေါ်ခင်စိုးရီတို့ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

"အမျိုးသမီးကိုတော့ သူ့နေအိမ်ရှေ့မှာပဲ ရှင်းလိုက်တယ်။ အမျိုးသားကိုတော့ ရွာအပြင်လမ်း တနေရာမှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်"လို့ ဒီရှင်းလင်းမှုမှာပါဝင်တဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ပစ်ခတ်ခံရပြီးနောက် ဒေါ်ခင်စိုးရီမှာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာ၊ ဦးရွှေအိုးမှာတော့ လည်ပင်းနဲ့ လက်တွေမှာ ဒဏ်ရာရပြီးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

သူတို့ ၂ ဦးဟာ ၂၀၂၂ ခုနှစ်ကတည်းက စစ်ကောင်စီတပ်သားတွေနဲ့ပေါင်းပြီး လောင်းကစားလုပ်တာ၊ သတင်းပေးတိုင်ကြားတာတွေ လုပ်နေတာကြောင့် ဒေသခံတွေရဲ့တိုင်ကြားချက်အရ ကျေးရွာထဲကို ကွင်းဆင်းစုံစမ်းပြီးမှ အခုလိုရှင်းလင်းခဲ့တာလို့ အထက်ပါကာကွယ်ရေးအဖွဲ့ဝင်က ပြောပါတယ်။ 

“သတင်းပေးလုပ်တာက ၂၀၂၂ ကတည်းက၊ ရွာမှာစျေးရောင်း၊ တောင်သူလုပ်သလို ငွေတိုး ချေးစားတယ်။ စကစနဲ့ပေါင်းပြီးသတင်းပေးလုပ်တယ်။ ရွာထဲက စစ်ကောင်စီ ချိတ်ပိတ်ထားတဲ့နေအိမ် ၈ လုံးလောက်ရှိတယ်။ အဲဒီသော့တွေကို ဦးရွှေအိုးက ကိုင်ထားတယ်။ သူတိူ့သတင်းပေး ဒလန်လုပ်နေတာ ရွာကတိုင်ကြားလို့ ကျေးရွာထဲ ၃ ကြိမ်လောက် ကွင်းဆင်းစုံစမ်းပြီးမှ ရှင်းခဲ့တာ။” လို့ သူက ပြောပါတယ်။  

ပစ်ခတ်ခံရပြီးနောက် အလောင်းတွေကိုတော့ မတ်လ ၁၁ ရက်မှ ဒေသခံတွေက ကောက်ယူပြီး ရေတာရှည်ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြရတယ်လို့ ဆိုပါတယ်။ 

ဇန်နဝါရီလ ၁၆ ရက်ကလည်း ရေတာရှည်မြို့နယ်၊ ဇေယျာသိမ်ကျေးရွာနဲ့ ကျွန်းတိုင်ကျေးရွာကြား လမ်းပေါ်မှာ ဇေယျာသိမ်ကျေးရွာနေ  ကြံခိုင်ရေးပါတီဝင် အမျိုးသမီး ၁ ဦး အသတ်ခံခဲ့ရပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ရေတာရှည် #စစ်တပ်သတင်းပေး #ရှင်းလင်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10