သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ နှောပင်ကျေးရွာအနီးမှာ ဒီဇင်ဘာ ၅ ရက် မနေ့ကတရက်တည်း စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုရှိခဲ့တယ်လို့ မြေပြင်တိုက်ခိုက်ရေးမှာပါဝင်ခဲ့တဲ့ စစ်ကြောင်းတာဝန်ရှိသူဆီက သိရပါတယ်။
ဒီဇင်ဘာ ၅ ရက် မနက် ၈ နာရီကျော်မှာ ကျွန်းတောကုန်းကျေးရွာဘက်နေ နှောပင်ကျေးရွာကို ခြေလျင်စစ်ကြောင်းထိုးလာတဲ့ အင်အား ၇၀ ပါစစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက နှောပင်ကျေးရွာအစပ်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာကနေ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။
"ပထမဆုံး ဖြစ်လိုက်တယ်။ သူတို့ပြန်ဆုတ်ပြီး နောက်ထပ်တက်လာတော့ နောက်တကျော့ ထပ်ဖြစ်တယ်။ သူတို့(စကစ)ဘက်ကတော့ လက်နက်ကြီးလှိုင်လှိုင်သုံးတယ်။ ပွိုင့်ဖိုက်ပါ ပါတယ်။ ကျနော်တို့ဘက်ကတော့ လက်နက်ငယ်အားကိုးပြီး တိုက်ရတာပဲ။ ကိုယ်ကနယ်ခံဆိုတော့လည်း ထွေထူး ပြသနာမရှိဘူး။"လို့ ပူးပေါင်းစစ်ကြောင်းပါ တာဝန်ရှိသူတဦးက ပြောပါတယ်။
မနက် ၈ နာရီကျော်ကနေ နေ့လယ် ၁ နာရီကျော်အထိ ၂ ကြိမ်တိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ကာ ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ၅ ဦးဒဏ်ရာ (မစိုးရိမ်ရ) ရခဲ့ပြီး စစ်ကောင်စီဘက်ကလည်း သေဆုံးမှုတွေရှိတယ်လို့ သူကဆက်ပြောပါတယ်။
"သူတို့(စစ်ကောင်စီ)ဘက်က ၂၅ ဦးဝန်းကျင်လောက်ကျတယ်လို့တော့ သိရတယ်။ ကျနော်တို့ ဘက်ကတော့ ရဲဘော် ၅ ဦးက ပေါ့ပေါ့ပါးပါးလေး ထိတာလောက်ပဲရှိတယ်။ အဲဒါက ထိခိုက်အကျဆုံးရှိတယ်လို့ သတင်းရတယ်။ သူတို့တွေဘက်က လူနာတင်ကားတွေလာတယ်။ အဲ့လောက်ကိုတော့ အရပ်ဘက်သတင်းကနေ အတည်ပြုထားတာပါ။"လို့ အထက်ပါ စစ်ကြောင်းတာဝန်ရှိသူက ဆက်ပြောပါတယ်။
စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။
တိုက်ပွဲဖြစ်ပြီး ညနေပိုင်းလောက်ကစတင်ကာ စစ်ကောင်စီစစ်ကြောင်းဟာ နှောပင်ကျေးရွာထဲကို ဝင်ရောက်တပ်စွဲထားတဲ့အတွက် နှောပင်၊ ကျွန်းတောကုန်းကျေးရွာအပါအဝင် ကျေးရွာ ၄ ရွာခန့်က ဒေသခံ ၁,၀၀၀ ဝန်းကျင် ဘေးလွတ်ရာတိမ်းရှောင်နေကြရတယ်လို့ စစ်ကြောင်းတာဝန်ရှိသူက ပြောပါတယ်။
ဒီဇင်ဘာ ၆ ရက်မနက်ပိုင်းမှာတော့ အဆိုပါစစ်ကြောင်းက ထပ်မံစစ်ရေးလှုပ်ရှားတာမျိုး မတွေ့ရသေးဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ဒီမနက်ပိုင်းမှာပဲ ရေတာရှည်၊ သကြားစက်မှာတပ်စွဲထားတဲ့ နောက်ထပ် စစ်ကောင်စီတပ်သားတွေ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရွာတွေဘက်ကို ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိခဲ့ကာ လူထိခိုက်တာမျိုးတော့မရှိဘူးလို့ သိရပါတယ်။
အောက်တိုဘာ ၁၉ ရက်ကလည်း ရေတာရှည်မြို့နယ်၊ ဒိုးတန်းကျေးရွာက စစ်ကောင်စီတပ်စွဲထားတဲ့ နေရာကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ အနည်းဆုံး စစ်ကောင်စီတပ်သား ၂ ဦး ထိခိုက်ခဲ့ကာ စစ်ကူလာမယ့်လမ်းကြောင်း မိုင်းထောင်စဉ်လည်း မိုင်းမတော်တဆဖြစ်ပြီး ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ရေတာရှည် #တိုက်ပွဲ #နှစ်ဖက်ထိခိုက်မှု
Share Share Share