ရေတာရှည်သကြားစက်ကိုဝင်ရောက်ပြီး စစ်ကောင်စီဝန်ထမ်းတွေကို တော်လှန်ရေးလုပ်ငန်းစဉ်တွေ ချပြစည်းရုံး

ရေတာရှည်သကြားစက်ကိုဝင်ရောက်ပြီး စစ်ကောင်စီဝန်ထမ်းတွေကို တော်လှန်ရေးလုပ်ငန်းစဉ်တွေ ချပြစည်းရုံး

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အတွင်းကျေးရွာတွေရဲ့ မြေပြင်အခြေအနေကိုလေ့လာရင်း ရေတာရှည်နဲ့အင်းပက်လက်ရွာအကြားရှိ စစ်ကောင်စီလက်အောက်အမှတ် ၆ သကြားစက်ကို ဝင်ရောက်ပြီး နိုင်ငံရေးသဘောတရားတွေပြောပြကာ စည်းရုံးခဲ့တယ်လို့ ရေတာရှည်ပကဖထံက သိရပါတယ်။

ဒီဇင်ဘာ ၂၇ ရက် မနက် ၆ နာရီမှာ သကြားစက် စက်ရုံမှူးအပါအဝင် ဝန်ထမ်းများ၊ ကြံလာရောင်းသူ စုစုပေါင်း လူဦးရေ ၆၀ ခန့်ကို တော်လှန်ရေးလုပ်ငန်းစဥ်တွေနဲ့ NUG အစိုးရရဲ့လုပ်ငန်းစဥ်အချို့ကို အကျဥ်းချုံးပြောဆိုဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။

" သူတို့ဝန်းထဲရောက်တော့ အားလုံးကို အဆင်ပြေသလိုထိုင်ခိုင်းပြီး ဆွေးနွေးပြောဆိုခဲ့တာ။ စက်ရုံမှူးမိန်းမကတော့ ကြောက်လို့ငိုတာရှိတယ်။ အားလုံးကို ကောင်းကောင်းမွန်မွန်ပဲ ပြောဆိုဆက်ဆံခဲ့တာပါ " လို့ ရေတာရှည်ပကဖက မြေလတ်အသံကို ပြောပါတယ်။

စက်ရုံဝန်ထမ်းတွေနဲ့တွေ့ဆုံရာမှာ တော်လှန်ရေးဘက်ကို မပူးပေါင်း၊ မလိုက်နာနိုင်ရင်တောင် စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာတွေမလုပ်ဘဲ ကြားနေပြည်သူတွေအနေနဲ့ အေးချမ်းစွာနေထိုင်နိုင်ကြောင်း အပါအဝင် အကြောင်းအရာအချို့ကို ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။

သကြားစက်ဝန်ထမ်း၊ ကြံရောင်းသူတွေနဲ့ PDF တွေ တွေ့ဆုံမှုဟာ မိနစ် ၂၀ ခန့်သာကြာမြင့်ခဲ့ပြီး စက်ရုံကနေပြန်ထွက်လာချိန် လမ်းတလျှောက်ကျေးရွာတွေက ဒေသခံတွေနဲ့လည်း ရင်းနှီးစွာတွေ့ဆုံစကားပြောဆိုခဲ့ကြသေးတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီထောက်ခံ တယ်လီဂရမ်တွေမှာတော့ အဆိုပါသကြားစက်ဝန်ထမ်းတွေကို PDF တွေဘက်က ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးတာနဲ့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ရေးသားဖော်ပြမှုတွေ လုပ်ဆောင်နေတာပါ။

PDF တပ်ရင်းတွေနဲ့ စစ်ကြောင်းတွေဟာ ရေတာရှည်မြို့နယ်အတွင်း နေပြည်တော်အနီးလမ်းပိုင်းနေရာတွေအထိ စစ်ဆေးမှုတွေလုပ်ဆောင်တာ၊ နယ်မြေစိုးမိုးရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ရေတာရှည် #အမှတ်၆သကြားစက် #PDF #ဝင်ရောက်တွေ့ဆုံ #ပြောဆိုစည်းရုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10