ရေနစ်ပျောက်ဆုံးခဲ့တဲ့ လူငယ် ၃ ဦးထဲက ၂ ဦးကို သေဆုံးလျက်ပြန်တွေ့

ရေနစ်ပျောက်ဆုံးခဲ့တဲ့ လူငယ် ၃ ဦးထဲက ၂ ဦးကို သေဆုံးလျက်ပြန်တွေ့

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ (ဆိုရှယ်လစ်ဘက်အခြမ်း)ရှိ ကျုံးထဲမှာ ရေဆင်းကူးရာမှ ပျောက်ဆုံးခဲ့တဲ့ လူငယ် ၃ ဦးအနက် ၂ ဦးကို သေဆုံးလျက်ပြန်တွေ့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန်လ ၂၄ ရက် မနေ့ညနေ ၄ နာရီခန့်မှာ ကျုံးကူးတံတားအနီးက ရေထဲမှာ လူငယ်တွေ ရေနစ်ပျောက်ဆုံးနေလို့ ဒေသခံတွေက ကူညီကယ်ဆယ်နေချိန် အဆိုပါလူငယ် ၃ ဦးထဲက ပဲခူးမြို့၊ အမှတ် ၆ ရပ်ကွက်နေ အသက် ၁၈ နှစ်အရွယ် မထက်ထက်ရဲ့အလောင်းကို ညနေ ၅ နာရီကျော်မှာ ဆယ်ယူရရှိခဲ့တယ်လို့ ဆိုပါတယ်။

"သူတို့က ရပ်ကွက်ကြီး ၆ မှာနေတာ။ အဝတ်အစားဝယ်မယ်ဆိုပြီး ညီအမ ၂ ဦးနဲ့ သူတို့ရဲ့ သူငယ်ချင်းကောင်လေး ၁ ဦးက မြို့ထဲကို စက်ဘီးနဲ့လာကြတာ။ အပြန်ကြတော့ မြို့ရှောင်လမ်းကနေ ပတ်ပြန်ရင်းက ရေတွေ့လို့ ဆင်းကူးကြတာနေမယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ဇွန်လ ၂၅ ရက် ဒီမနက် ၇ နာရီလောက်မှာတော့ ကျန်ရှိနေသူတွေကို လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံတွေက ကျုံးအတွင်း ဆက်လက်ရှာဖွေခဲ့ရာ မနက် ၈ နာရီခွဲမှာ အသက် ၁၃ နှစ်အရွယ် မသက်နှင်းစံရဲ့အလောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ကျန်ရှိ အမျိုးသားကိုတော တွေ့ရှိဖို့ ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး၊ အဲ့ဒီလူငယ်တွေ စီးသွားတဲ့ စက်ဘီး၊ ဖိနပ်နဲ့ ကျန်ရှိပစ္စည်းတွေကိုတော့ ကျုံးနံဘေးမြေသားလမ်းပေါ်မှာ ပြန်တွေ့ခဲ့တာကြောင့် မိဘတွေဆီ ပြန်အပ်ပေးထားတယ်လို့ သိရပါတယ်။

ရေထဲကနေ ဆယ်ယူရတဲ့ အမျိုးသမီးငယ်တွေရဲ့အလောင်းတွေကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေက ပဲခူးဆေးရုံကြီးကို ပို့ဆောင်ထားရတယ်လို့ ဆိုပါတယ်။

စာတည်း - လင်း

 #မြေလတ်အသံ

#ပဲခူး #လူငယ် ၃ ဦး #ရေနစ် # ၂ ဦးပြန်တွေ့

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10