ရေနဲ့မျောပါလာတဲ့ ဓာတ်ဆီတိုင်ကီကိုဖွင့်ကြည့်ရာက ပေါက်ကွဲမှုဖြစ်ပြီး လူ ၁၂ ဦးဒဏ်ရာရ

ရေနဲ့မျောပါလာတဲ့ ဓာတ်ဆီတိုင်ကီကိုဖွင့်ကြည့်ရာက ပေါက်ကွဲမှုဖြစ်ပြီး လူ ၁၂ ဦးဒဏ်ရာရ

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ သပြေချောင်းကျေးရွာအနီးမှာ ရေနဲ့ မျောပါလာတဲ့ ဓာတ်ဆီတိုင်ကီကို သွားဖွင့်ကြည့်ရာက ပေါက်ကွဲမှုဖြစ်ပြီး လူ ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၁၂ ရက် နေ့လယ် ၂ နာရီကျော်ခန့်မှာ ကျေးရွာတောင်ဘက် လယ်ကွင်းထဲမှာလာတင်နေတဲ့ ဓာတ်ဆီတိုင်ကီကို ဒေသခံတဦးကဖွင့်ကြည့်ရာမှာ ပေါက်ကွဲပြီး ဘေးမှာရှိနေတဲ့သူတွေကို ထိမှန်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။ 

ဆီတိုင်ကီပေါက်ကွဲလို့ အသက် ၃၈ နှစ်အရွယ် မအိမွန်၊ အသက် ၃၅ နှစ်အရွယ် ကိုသောင်းထိုက်၊ ကိုဖြိုးဖြိုး၊ အသက် ၂၅ နှစ်အရွယ် ကိုလွင်ကို၊ နိုင်လင်း၊ အသက် ၄၀ အရွယ် ကိုကိုပိုင်၊ အသက် ၆၅ နှစ်အရွယ် ဦးသန်းမောင်၊ အသက် ၃၀ ဝန်းကျင်အရွယ် ကိုသိန်းကို၊ ဦးကဲတင်၊ ကိုအောင်သူ၊ ကိုစောကိုကိုလွင်၊ ကိုသန်းဇော်ဦး တို့ အရေပြား မီးလောင်ဒဏ်ရာတွေရခဲ့တယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကတော့ လက်ရှိ ဇေယျာသီရိမြို့နယ် ကုတင် ၅၀ ဆေးရုံမှာ ဆေးကုသနေကြပြီး ဒဏ်ရာအခြေအနေတွေကတော့ သက်သာကြတယ်လို့ သိရပါတယ်။

ဓါတ်ဆီတိုင်ကီကနေ ဘယ်လိုအချိန်တွေမှာ ပေါက်ကွဲမှုဖြစ်တတ်လဲဆိုတာကိုလည်း မီးသတ်တပ်ဖွဲ့ဝင်တဦးက သူ့ရဲ့ထင်မြင်ချက်ကို ခုလိုပြောပြပါတယ်။  

“ဓာတ်ဆီရဲ့သဘောတရားက အထဲမှာတင်အပူရှိန်က ရှိတယ်။ ခုလို ရေထဲမျောပါလာချိန် လမ်းတလျှောက်တိုက်မိတာ၊ ပွတ်မိတာ၊ လှုပ်ရှားတာတွေကြောင့် အထဲမှာအပူတွေက ပိုများနေနိုင်တယ်။ အဲ့ဒီအချိန်မှာအပြင်က ပြင်းအားတခုခုနဲ့ထုရိုက်ချိန် အထဲကအပူတွေကရုန်းကြွပြီး ပေါက်ကွဲတာမျိုးဖြစ်တတ်တယ်။ ဒါပေမယ့် တော်တော်လေး ဖြစ်တောင့်ဖြစ်ခဲကိစ္စပါ။ ဥပမာ - ဘီယာဘူး၊ အအေးဘူးတွေကိုလှုပ်ပြီး ရုပ်တရက်ဖွင့်လိုက်ချိန်ဖြစ်သလိုမျိုး"လို့ ပြောပါတယ်။ 

စက်တင်ဘာ ၁၁ ရက်ကစပြီး ပေါင်းလောင်းမြစ်ရေနဲ့ ဆင်သေချောင်းရေ မြင့်တက်လာတဲ့အတွက် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်း၊ ဇေယျာသီရိနဲ့ ပုဗ္ဗသီရိမြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ခဲ့ပြီး ကျေးရွာ ၃၀ ကျော်ရေဘေးကြုံနေရကာ ပိတ်မိပြည်သူတွေရှိသလို လူသေဆုံးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။  

စာတည်း -လင်း 

#မြေလတ်အသံ

#နေပြည်တော် #ရေကြီးရေလျှံ #ဓါတ်ဆီတိုင်ကီ #ပေါက်ကွဲမှု #ဒဏ်ရာရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10