ရေနံချောင်းက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးဆိုသူ ရှင်းလင်းခံရ

ရေနံချောင်းက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးဆိုသူ ရှင်းလင်းခံရ

မကွေးတိုင်း၊ ရေနံချောင်းမြို့၊ ကုက္ကိုခွအုပ်စု၊ မုန်ကန်ကျေးရွာမှာနေထိုင်တဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးအဖွဲ့ဝင်လို့လည်း လူသိများသူတဦး မေလ ၇ ရက်ဒီကနေ့ မနက်အစောပိုင်း ၁၂ နာရီခွဲလောက်မှာ သေနတ်နဲ့ပစ်ခတ်ရှင်းလင်း ခံခဲ့ရတယ်လို့ သိရပါတယ်။
 
အသက် ၄၀ နှစ်ဝန်းကျင် ကုက္ကိုခွအုပ်စုအုပ်ချုပ်ရေးမှူး ကိုခင်မောင်ရွှေနဲ့ ပျူစောထီးအဖွဲ့ဝင် ကိုခင်မောင်မြင့်တို့ကို မုန်ကုန်ရွာရှိ ကိုခင်မောင်ရွှေရဲ့နေအိမ်မှာ ၂ ယောက်အတူရှိနေချိန် တပြိုင်တည်း ပစ်ခတ်ရှင်းလင်းခဲ့တာလို့ မကွေးခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၁ People's Defence Force Yenangyaung ဗိုလ်စံသျှားက မြေလတ်အသံကို ပြောပါတယ်။
 
“အဲဒီအုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးအဖွဲ့ဝင်ဟာ လက်ရှိရဲ* စစ်*တွေနဲ့ပေါင်းပြီးတော့ မီတာခတွေ အတင်းအဓမ္မကောက်တယ်၊ လောင်းကစားဝိုင်း လုပ်တယ်၊ ရေနံတွေ မှောင်ခိုလုပ်စားတယ်၊ အဲ့ဒါတွေကြောင့် မနေ့က ညက ၁၂ နာရီခွဲလောက်မှာ ၂ ဖွဲ့ပေါင်းပြီး သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့တာ” လို့ ပြောပါတယ်။
 
ဒီပစ်ခတ်မှုကို မကွေးခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၁ People's Defence Force Yenangyaung နဲ့ ရေနံချောင်းဖေကံကောင်းအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
 
ကိုခင်မောင်ရွှေရဲ့အိမ်ကို ကိုခင်မောင်မြင့်က အလည်လာပြီးစကားပြောနေချိန်မှာ ဝင်ရောက် ပစ်ခတ်ခဲ့တာဖြစ်ပြီး၊ တယောက်တချက်နှုန်း ပစ်ခတ်ခံရတာကြောင့် နေရာတင်ပွဲချင်းပြီး သေဆုံးခဲ့ကြတယ်လို့ ဗိုလ်စံသျှားက ဆက်ပြောပါတယ်။
 
ပစ်ခတ်ခံရပြီးနောက် နာရီဝက်လောက်အကြာမှာ စစ်ကောင်စီအဖွဲ့ဝင် ရဲတပ်သားတွေ ရောက်လာပြီး စစ်ဆေးတာတွေလုပ်ခဲ့ပြီး၊ မေလ ၇ ရက်ဒီကနေ့မနက်ပိုင်းမှာတော့ ပစ်ခတ်ခဲ့တဲ့နေရာနဲ့ ရေနံချောင်းမြို့ပေါ်တဝိုက်တို့မှာ လုံခြုံရေးကင်းတွေပတ်နေတယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ ဧပြီလ ၁၄ ရက်နေ့ကလည်း မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ သုံးဆယ့်ခြောက်ရွာအနီး ပင်းချောင်းတံတားအပေါ် လုံခြုံရေးယူနေတဲ့ ရဲတွေကို မကွေးခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၁ People's Defence Force Yenangyaung အဖွဲ့က အဝေးထိန်းမိုင်းခွဲပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စာတည်း - လင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10