ရေနံချောင်းမှာ ဆက်ကြေးကောက်နေတဲ့စစ်အုပ်စု ပစ်ခတ်ခံရလို့ ၃ ဦးခန့်သေဆုံးနိုင်

ရေနံချောင်းမှာ ဆက်ကြေးကောက်နေတဲ့စစ်အုပ်စု ပစ်ခတ်ခံရလို့ ၃ ဦးခန့်သေဆုံးနိုင်

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ မြို့ရှောင်လမ်း လမ်းဆုံရှိ ယာကြီးပြင်စစ်ဆေးရေးဂိတ်ကစစ်ကောင်စီတပ်သားတွေဟာ လမ်းသွားပြည်သူတွေရဲ့ကားတွေကို ဆပ်ကြေးကောက်နေလို့ ဖေဖော်ဝါရီလ ၈ ရက်မနေ့ညပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
 
အဲ့ဒီဂိတ်မှာ စစ်သားနဲ့ရဲ ၁၀ ဦးဝန်းကျင်ရှိပြီး သူတို့ကိုမနေ့ည ၁၀ နာရီဝန်းကျင်မှာ မဟာမိတ်အဖွဲ့ ၃ ဖွဲ့ပေါင်းတိုက်ခိုက်ခဲ့တာလို့ မကွေးခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၁ PDF-Yenangyaung မှ ဗိုလ်စံသျှားကပြောပါတယ်။
 
“စစ်အုပ်စုက မြို့ရှောင်လမ်းနဲ့ ယာကြီးပြင်ဘက်ကိုဝင်တဲ့လမ်းတွေမှာ ဘယ်ညာညှပ်ထိုင်ပြီး ကားတွေကိုပိုက်ဆံတောင်းတယ်၊ ‌အမျိုးမျိုးငွေညစ်ပြီး ဆပ်ကြေးကောက်နေတာ၊ *အင်အားက ၁၀ ကောင်လောက်ရှိတယ်၊ အပြန်အလှန်ပစ်ခတ်ခဲ့တာ ၁၅ မိနစ်လောက် ကြာတယ်၊ ရဲနဲ့စစ်*ပေါင်းနေတာ၊ စစ်*ကများတယ်” လို့ ပြောပါတယ်။
 
ပဲခူးအခြေစိုက် တမခ ၇၇ ကစစ်သားတွေနဲ့ ညောင်လှရဲစခန်းကရဲတွေလည်းပါဝင်ပြီး တိုက်ခိုက်မှုကြောင့် စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံအချို့ရဲ့ ပြောပြချက်အရ အတည်ပြုနိုင်ခဲ့တယ်လို့ ဗိုလ်စံသျှားက ဆိုပါတယ်။
 
ဒီသေဆုံးမှုနဲ့ပက်သက်လို့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။
 
ဒီတိုက်ခိုက်မှုကို မကွေးခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၁ PDF-Yenangyaung၊ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Yenangyaung Local People's Defence Force (ဖေကံကောင်းအဖွဲ့)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်ညပိုင်းမှာလည်း ရေနံချောင်းမြို့၊ လက်မှတ်ကုန်းနယ်မြေရဲစခန်းကို မကွေးခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၁ PDF-Yenangyaung အဖွဲ့က မိုင်းခွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
 
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10