ရေနံချောင်းမှာ တိုက်ပွဲကြောင့် လူထောင်ချီ ထွက်ပြေးနေရပြီး စားသောက်ရေးအခက်ကြုံနေ (ရုပ်/သံ)

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ သြဂုတ် ၁၂ ရက် မနက် ၇ နာရီကျော်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရပြီး စားသောက်ရေးအတွက် အခက်အခဲဖြစ်နေကြတယ်လို့ သိရပါတယ်။ 

အင်အား ၄၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဟာ ရွှေတုတ်ကန်ကျေးရွာ အဝင်လမ်းထိပ်နဲ့ ကျေးရွာထဲမှာ ၁ နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ရွှေတုတ်ကန်နဲ့ ဝါရိုးကျေးရွာက ဒေသခံတွေရွာလုံးကျွတ်ထွက်ပြေးခဲ့ရတာလို့ ရွှေတုတ်ကန်ကျေးရွာမှ ထွက်ပြေးနေရသူ အမျိုးသမီးတဦးက ဆိုပါတယ်။

လက်ရှိတောတွေထဲမှာ ဖြစ်သလိုခိုလှုံပြီး စားသောက်နေကြရတဲ့ပြည်သူတွေမှာ အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ရွှေတုတ်ကန်ကျေးရွာမှ လူဦးရေ ၆၀၀ ကျော်နဲ့ အိမ်ခြေ ၁၃၀ ကျော်ရှိတဲ့ ဝါရိုးကျေးရွာမှ လူဦးရေ ၄၀၀ ကျော်တို့ ဖြစ်ကြပါတယ်။

ရွှေတုတ်ကန်ကျေးရွာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၂ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ သိရပြီး ပြန်လည်ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရွာထဲရှိစျေးဆိုင်ခန်းတွေက ပိုက်ဆံတွေနဲ့ ဆိုင်ကယ် အစီး ၁၀ ကျော်တို့ကို ခိုးယူသွားခဲ့တယ်လို့ ဆိုပါ တယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်သားတွေက ရွှေတုတ်ကန်ရွာအနီးရှိ မကြီးတိုင်ကျေးရွာထဲကို ဝင်ရောက်ကာ ရေနံချောင်းမြို့ပေါ်ကို ပြန်သွားခဲ့ကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၄ ရက်မှာလည်း အင်အား ၁၀၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်သားတွေက ရွှေတုတ်ကန်ကျေးရွာအုပ် စုရှိ ကျေးရွာ ၃ ရွာကို စစ်ကြောင်းထိုးဝင်ရောက်လာကာ ဆိုင်ကယ်အစီး ၃၀ ၊ ရွာကျန်းမာရေးကား ၁ စီး၊ ဆန်တွေအစရှိတဲ့ ပစ္စည်းတွေအကုန် လုံးကို ခိုးယူသွားကြတာလို့ ဒေသခံတွေဆီက သိရပါတယ်။

စာတည်း-လင်းဇေ၊ ရုပ်သံတည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မကွေးတိုင်း #ရေနံချောင်း #စစ်ကောင်စီ #ရွှေတုတ်ကန် #ဝါရိုးကျေးရွာ #ဒေသခံ #ထောင်ချီထွက်ပြေး #တိုက်ပွဲ #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10