ရေနံချောင်းမှာ ရဲဒုတပ်ကြပ် ၂ ဦးပစ်သတ်ခံရပြီး လက်ပစ်ဗုံးနဲ့ပစ္စည်းတချို့ရရှိ

ရေနံချောင်းမှာ ရဲဒုတပ်ကြပ် ၂ ဦးပစ်သတ်ခံရပြီး လက်ပစ်ဗုံးနဲ့ပစ္စည်းတချို့ရရှိ

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ လက်မှတ်ကုန်းနယ်မြေရဲစခန်းက ရဲဒုတပ်ကြပ် ၂ ဦးကို မကျည်းတိုင်း-ဖိုးကိုးလမ်းမပေါ်မှာ သေနတ်နဲ့ပစ်သတ်ခဲ့တာလို့ People's Defence Force-Yenangyaung အဖွဲ့ဆီက သိရပါတယ်။

ရေနံချောင်းမြို့နယ်၊ လက်မှတ်ကုန်းနယ်မြေရဲစခန်းက ရဲဒုတပ်ကြပ် အောင်ဒင်နဲ့ ရဲဒုတပ်ကြပ် မြတ်စိုးနိုင် တို့ကို ဒီဇင်ဘာ ၁၁ ရက်နေ့လယ် ၁၁ နာရီလောက်က မကျည်းတိုင်း-ဖိုးကိုးလမ်းမပေါ်မှာ သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ရဲဒုတပ်ကြပ် ၂ ဦးကို မကျည်းတိုင်း-ဖိုးကိုးလမ်းမပေါ်မှာ လိုက်လံဖမ်းဆီးတာ၊ အဖမ်းမခံဘဲနဲ့ သူတို့မှာပါတဲ့ လက်ပစ်ဗုံးနဲ့ ပြန်လည်ခုခံတာလုပ်လို့ နေရာမှာတင်ပစ်ခတ်ခဲ့တာပါ၊ ၁ ဦးက‌တော့ ၁ ချက်မှန်ပြီး နောက်၁ ဦးကတော့ ၂ ချက်မှန်တာ၊ နေရာမှာတင် ၁ ဦးကတော့သေတယ်၊ ၁ ဦးကတော့ အသက်ရှင်လျက်ပါလာပြီး သွေးထွက်လွန်သေသွားတာ” လို့ People's Defence Force-Yenangyaung ဗိုလ်စံသျှားက ပြောပါတယ်။

လက်မှတ်ကုန်းနယ်မြေရဲစခန်းက ရဲဒုတပ်ကြပ် အောင်ဒင်နဲ့ ရဲဒုတပ်ကြပ် မြတ်စိုးနိုင် တို့က ကာကွယ်ရေးအဖွဲ့တွေရဲ့လှုပ်ရှားမှုကို အရပ်ဝတ်နဲ့အသွင်ယူပြီးတော့ လိုက်လံစုံစမ်းနေတယ်ဆိုတာကို  ပြည်သူတွေရဲ့သတင်းပေးချက်အရသိရတဲ့အတွက် ခုလို ပစ်ခတ်ခဲ့ရတာလို့ ဆိုပါတယ်။

ပစ်ခတ်ပြီးနောက် ရဲဒုတပ်ကြပ် ၂ ဦးဆီက ရဲမှတ်တမ်းစာရွက်၊ လက်ပစ်ဗုံး ၁ လုံး၊ ဖုန်း ၃ လုံး တို့ကို သိမ်းဆည်းရမိခဲ့ပြီး အလောင်းကိုတော့ တပ်ဖွဲ့ဘက်က သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။

“အဲ့ဒီနေ့နေ့လယ် ၂ နာရီလောက်မှာ ရေနံချောင်းမြို့မရဲစခန်းကနေ ရဲကား ၂ စီးနဲ့ ရဲ အင်အား ၁၅ ဦးနဲ့ လာတယ်၊ ပစ်ခတ်မှုဖြစ်တဲ့နေရာအထိတော့ ရောက်မလာဘူး၊ လမ်းကနေပဲ လှည့်ပြန်သွားတယ်”လို့ ဗိုလ်စံသျှားက ပြောပါတယ်။

ဒီပစ်ခတ်မှုကို People's Defence Force - Yenangyaung၊ Tamar Myay Special Coloum၊ Midland Dolphin's Coloum တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်ကနေ ၁၈ ရက်အထိ စစ်ကောင်စီစစ်ကြောင်းနဲ့  People's Defence Force -Yenangyaung အဖွဲ့တို့ ရေနံချောင်းမြို့နယ်အတွင်း ၄ ရက်အကြာ ထိ‌တွေ့ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်မှူးတဦးအပါ ၂၇ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့လည်း အဲ့ဒီအဖွဲ့ ဆီက သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ရေနံချောင်း #ရဲ #ပစ်ခတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10