သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ PDF တပ်ဖွဲ့ဝင် ၅ ဦး ထွက်ပြေးလွတ်မြောက်လာတယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၆ PDF တပ်ရင်းဆီက သိရပါတယ်။
ရေပြာရဲစခန်းထဲမှာ ဖမ်းဆီးခံထားရတဲ့ ပခုက္ကူခရိုင် အမှတ် ၁၆ တပ်ရင်းမှ တပ်ဖွဲ့ဝင် ၃ ဦးနဲ့ LPDF အဖွဲ့တခုမှ အမျိုးသမီးတပ်ဖွဲ့ဝင် ၁ ဦးအပါ ၂ ဦး စုစုပေါင်း ၅ ဦးတို့က နိုဝင်ဘာလ ၂၅ ရက်မနက် ၂ နာရီလောက်မှာ စတင်ထွက်ပြေးလာခဲ့ပြီး မနက် ၆ နာရီလောက်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီ ရောက်ရှိလာခဲ့ကြတာလို့ ဆိုပါတယ်။
"ရဲဘော်တွေ ပြောပြချက်အရကတော့ အမိုးနဲ့သံတိုင်ကြားကို ဖောက်ထွက်လာတယ်။ စကစဘက် ကင်းပေါ့တဲ့ အချိန်မှာပါ။ သူတို့လည်း ရန်သူ့ရဲ့အခြေအနေကို အကဲခတ်ကြည့်ထားပြီး ကင်းပေါ့တဲ့ အချိန်မှာ ထွက်ပြေးလွတ်မြောက်လာကြတာပါ။ လက်ထိပ်တွေလည်းဖြုတ်လာနိုင်တယ်။ သံတိုင်တွေလည်းဖြတ်နိုင်ခဲ့တယ်"လို့ ပခုက္ကူခရိုင် အမှတ် ၁၆ PDF တပ်ရင်း သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
လက်ရှိမှာတော့ တပ်ဖွဲ့ဝင်တွေဟာ လုံခြုံစိတ်ချရတဲ့နေရာကို ရောက်ရှိနေပြီဖြစ်တဲ့အတွက် လုံခြုံရေးအတွက် စိတ်ပူစရာမလိုတော့ဘူးလို့ ဆိုပါတယ်။
အဆိုပါတပ်ဖွဲ့ဝင်တွေကို ရေပြာရဲစခန်းအတွင်း အချုပ်ခန်းထဲမှာ ထားစဥ်ကလည်း နေ့တိုင်းလက်ထိပ် ခတ်ထားပြီး ထမင်းစားချိန်နဲ့ ရေချိူးချိန်တွေလောက်သာ ဖြုတ်ပေးလေ့ရှိတယ်လို့ လွတ်မြောက်လာသူ တပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်ကို ကိုးကားပြီး ပခုက္ကူခရိုင် အမှတ် ၁၆ PDF တပ်ရင်း သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
"သူတို့ပြောတဲ့ပုံစံအရက နေ့လည်းခတ်ထားတယ်။ ညအိပ်လည်း လက်ထိပ်ကြီးနဲ့ အိပ်ရတာ။ ရေချိုးချိန်တွေတော့ လွှတ်ပေးတယ်။ အဝတ်အစားလဲရတာမျိုးတွေရှိတယ်ဆိုတော့။ အချိန်တော်တော်များများတော့ ခတ်ထားတယ်။"လို့ ပြောပါတယ်။
ခုလို ထွက်ပြေးဖို့အတွက် လချီ ကြံစည်ကြိုးစားခဲ့ကြပြီး ရဲအဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုကိုလည်း နေ့စဥ် စောင့်ကြည့်ခဲ့ကြရတယ်လို့ သိရကြောင်း သူက ဆက်ပြောပြပါတယ်။
ထွက်ပြေးလွတ်မြောက်လာတဲ့ PDF အဖွဲ့ဝင်တွေကို ရေပြာရဲစခန်းကနေ ပေါက်မြို့ပေါ် ရဲစခန်းကို လွှဲပြောင်းပေးဖို့ စီစဥ်ထားပေမယ့် တော်လှန်ရေးအဖွဲ့တွေရဲ့ လှုပ်ရှားနယ်မြေတွေကို ဖြတ်သန်းပြီးမှ ပေါက်မြို့ကို ပို့ဆောင်ရမှာဖြစ်တဲ့အတွက် မပို့ရဲဘဲ ရေပြာရဲစခန်းထဲမှာပဲ လချီဖမ်းဆီးထားခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ပခုက္ကူခရိုင် အမှတ် ၁၆ PDF တပ်ရင်းမှ တပ်ဖွဲ့ဝင် ၃ ဦးဟာ ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်က အလုပ်ကိစ္စနဲ့ ဆိုင်ကယ် ၁ စီးကို ၃ ဦး စီးသွားချိန် ရေပြာရဲစခန်းစစ်ဆေးရေးဂိတ်အနီး ဖမ်းဆီးခံရကာ LPDF အဖွဲ့တခုမှ တပ်ဖွဲ့ဝင်နဲ့ ရဲမေကတော့ မေလဝန်းကျင်က ရေပြာရဲစခန်းရှေ့ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။
ပုံစာ - ပေါက်မြို့နယ်၊ ရေပြာရဲစခန်း။ (ပုံဟောင်း)
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #ပေါက်မြို့နယ် #PDF #ထွက်ပြေး
Share Share Share