ရေဘေးကယ်ဆယ်ရေးသွားတဲ့ လူမှုကူညီရေးအသင်းယာဥ် ပစ်ခတ်ခံရလို့ အသင်းသား ၁ ဦးဒဏ်ရာရပြီး ကားပျက်စီးမှုရှိ

ရေဘေးကယ်ဆယ်ရေးသွားတဲ့ လူမှုကူညီရေးအသင်းယာဥ် ပစ်ခတ်ခံရလို့ အသင်းသား ၁ ဦးဒဏ်ရာရပြီး ကားပျက်စီးမှုရှိ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ရွေကျင် - ညောင်လေးပင် - မဒေါက်သွားလမ်းပေါ်က ပုဇွန်မြောင်းကျေးရွာအနီးမှာ ရေဘေးကယ်ဆယ်ရေးသွားတဲ့ လူမှုကူညီရေးအသင်းယာဥ်ပစ်ခတ်ခံရလို့ အသင်းသား ၁ ဦးဒဏ်ရာပြီး ကားပျက်စီးမှုရှိတယ်လို့ ရွှေကျင်မောင်မယ် လူမှုကူညီရေးအသင်းထံက သိရပါတယ်။

ဩဂုတ်လ ၁၁ ရက် မနက် ၁၀ နာရီခန့်မှာ ရွှေကျင်ဘက်ကနေ ပဲခူးဘက်ကို ရေဘေးကယ်ဆယ်ရေးလုပ်ငန်းသွားဖို့ ရွှေကျင်မောင်မယ် လူမှုကူညီရေးအသင်းကား ၂ စီးဟာ ထွက်ခွာလာချိန်မှာ ပစ်ခံရတာဖြစ်တယ်လို့ဆိုပါတယ်။

"ပထမက အသံအကျယ်ကြီးထွက်လာတော့ ကားဘီးပေါက်တယ်ဘဲ ထင်တာ။ နောက်မှာ အသင်းကား ပစ်ခံရတာသိတော့ မောင်းပြေးလာကြရတယ်။ ဘယ်သူကပစ်လည်းဆိုတာတော့ သေချာလည်း မကြည့်နိုင်ဘူး" လို့ ရွှေကျင်မောင်မယ် လူမှုကူညီရေးအသင်းသားတဦးက ပြောပါတယ်။

ပစ်ခတ်ခံရလို့ အသင်းကား ၁ စီးရဲ့ ကားဘေးမှန်ကွဲပြီး အမိုးဘေးနား ကျည်ဖော​က်ဝင်ရာ ၁ ချက်ရခဲ့ပြီး အသင်းဝင် လူငယ် ၁ ဦး မစိုးရိမ်ရဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက် ၁ နာရီခန့်ကလည်း မန္တလေးတိုင်းဒေသကြီး၊  စဥ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ၊ လူမှုကူညီရေးအသင်းပိုင်ယာဥ်ဟာ လက်ပန်လှကျေးရွာက မွေးလူနာ အမျိုးသမီးကို မန္တလေးဆေးရုံကို ပို့ပြီး ပြန်အလာ မတ္တရာမြို့နယ်၊ ကန်ဖြူကျေးရွာအနီး မန္တလေး-မိုးကုတ်ကားလမ်း၊ သန့်ဇင်စက်သုံးဆီဆိုင်အနီး အရောက်မှာ ပစ်ခတ်ခံရပြီး ယာဥ်​မောင်းဖြစ်သူ ဒဏ်ရာရခဲ့ပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ပဲခူးတိုင်း #ညောင်လေးပင် #ရေးဘေးကယ်ဆယ်ရေး #လူမှုကူညီရေးအသင်း #ပစ်ခတ်ခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10