ရေဘေးသင့်သူတွေကိုလှူတဲ့ ဒံပေါက်စားမိရာက ကလေး၊လူကြီး ၁၀၀ ကျော် အစာအဆိပ်သင့်ခဲ့

ရေဘေးသင့်သူတွေကိုလှူတဲ့ ဒံပေါက်စားမိရာက ကလေး၊လူကြီး ၁၀၀ ကျော် အစာအဆိပ်သင့်ခဲ့

နေပြည်တောင်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ချောင်းခြားကျေးရွာမှာ ‌ရေဘေးသင့်ပြည်သူတွေ ကိုလာလှူတဲ့ ဒံပေါက်ကိုစားမိရာက ကလေး၊ လူကြီး ၁၀၀ ကျော်အစာအဆိပ်သင့်ခဲ့တယ်လို့ ကူညီကယ် ဆယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

စက်တင်ဘာလ ၁၇ ရက် မနေ့ညနေ ၆ နာရီကျော်မှာ အလှူရှင်တွေလာလှူထားတဲ့ ဒံပေါက်ကို ကျေးရွာက ပြည်သူတွေစားသောက်ပြီးနောက်မှာ မူးဝေ အော့အန်တာ၊ အောက်ဆီဂျင်ကျတာနဲ့ ဝမ်းလျောတာတွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

"ခုဖြစ်တဲ့ရွာက ရေအရမ်းကြီးတဲ့အထဲမပါဘူး။ ထုံးစံအတိုင်း အွန်လိုင်းကနေချိတ်ဆက်ပြီး အလှူရှင် ကလာလှူတာ။ လာလှူတဲ့ဒံပေါက်ကနေ အစာအဆိပ်သင့်တာ။ ဘာကြောင့် အစာအဆိပ့်သင့် တာလည်း ဆိုတာက ဓာတ်ခွဲမှသိရမှာကိုး။"လို့ လူမှုကူညီရေးအသင်းဝင်တဦးက ပြောပါတယ်။

 

အဆိုပါဒံပေါက်တွေဟာ အလှူရှင်က ညနေပိုင်းမှာလာရောက်လှူဒါန်းထားတာဖြစ်ပြီး ဒေသခံတွေက စားသောက်ပြီး ညပိုင်းလောက်မှာ ဝေဒနာခံစားခဲ့ကြရတာလို့ ဆိုပါတယ်။

မစိုးရိမ်ရတဲ့ လူနာ ၆၀ ကျော်ကို တပ်ကုန်းကုတင် ၁၀၀ ဆေးရုံကိုပို့ထားပြီး စိုးရိမ်ရတဲ့လူနာ ၃၀ ကျော်ကိုတော့ နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံကိုပို့ထားကာ အနည်းငယ် ဝေဒနာခံစားရသူတွေ ကိုတော့ ရွာထဲမှာပဲကုသပေးထားတယ်လို့ လူမှုကူညီရေးအသင်းဝင်တဦးက ပြောပါတယ်။

စက်တင်ဘာလ ၁၈ ရက် ဒီမနက်ပိုင်းမှာတော့ အများစုက ပြန်လည်သက်သာနေကြပြီး ဆေးရုံကတော့ ဆင်းခွင့်မရသေးဘူးလို့ သိရပါတယ်။

ရေကြီးရေလျှံမှုကြောင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း သေဆုံးသူ ၄၂ ဦးရှိပြီး အိမ်ပေါင်း ၃၃ လုံး ရေထဲမျောပါ ပျက်စီးခဲ့ကာ၊ ရေမြုပ်အဆောက်အဦ ၃၈၁၉ လုံး ရှိတယ်လို့ စစ်ကောင်စီ သတင်းပြန်ကြားရေးက စက်တင်ဘာလ ၁၆ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#နေပြည်တော် #ရေကြီးမှု #အစာအဆိပ်သင့်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10