ရေလယ်ကျွန်းနယ် နှစ်ရက်ဆက်တိုက်ပွဲ စစ်သားနဲ့ပျူစောထီး အများအပြားသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေ ၂ ရက်ဆက် တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးမှုများခဲ့တယ်လို့ Myingyan Black Tiger(MBT) အဖွဲ့ဆီက သိရပါတယ်။

မြင်းခြံဘက်ကနေ စက်လှေ ၃ စီးနဲ့တက်လာတဲ့ စစ်သားနဲ့ပျူစောထီးတွေကို အောက်တိုဘာ ၁၂ ရက် နေ့လယ် ၁၀ နာရီက ရေလယ်ကျွန်းတောင်ဘက် ပေါက်အူကျေးရွာ အနီးမှာ တကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

အဲ့ဒီနေရာဟာ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း ၃ တိုင်းဆုံရာ နေရာဖြစ်ပြီး ကျေးရွာတွေမှာ အကောင်းဆုံးဗျူဟာတွေကို ခင်းကျင်းပြီး တိုက်ခိုက်ခဲ့လို့  မိုးရွာနေတဲ့ကြားက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေ ကျဆုံးများစွာနဲ့ ပြန်လည်ဆုတ်ခွါသွားခဲ့ရတယ်လို့ Myingyan Black Tiger(MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

အလားတူ အောက်တိုဘာ ၁၃ ရက် နေ့လယ် ၁ နာရီခွဲလောက်မှာလည်း လှေခုတ်အနောက်တောင်ဘက်အခြမ်းမှာ ထပ်မံတိုက်ပွဲထပ်ဖြစ်ပွားခဲ့တယ်လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအပြီးမှာတော့ ဖောကား ၁ စီး လူနာတင်ကား ၁ စီးနဲ့ ဒဏ်ရာရသူ သေဆုံးသူတွေကိုတင်ဆောင်သွားကြသလို တော်လှန်ရေးအင်အားစုတွေဘက်က ရဲဘော် ၁ ဦးလည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က လက်လုပ်လက်နက်တွေကို အဓိကအားထား တိုက်ခိုက်ခဲ့ရတာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီး စုစုပေါင်း ၄၀ ခန့်ကျဆုံးတယ်လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Myingyan Black Tiger(MBT)၊ Popa Production & Guerilla Force (PPGF)၊ TLK ပြောက်ကျားတပ်၊ LY- PDF၊ Bright Stars Group၊ Royal Eagle People Defence Force၊ ဗိုလ်ခြောက်ဆယ်ပြောက်ကျားတပ်၊ နဂါးညီနောင်တပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း (၃)၊ Urban Underground Revolution Force.UURF.YSO နှင့် ရွှေညာမြေအထူးကိုမန်ဒိုတပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့ကလည်း ရေစကြိုမြို့ စုပေါင်းရုံးကို Myingyan Black Tiger(MBT) အဖွဲ့က သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါသေးတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြေလတ်သတင်း #သတင်း #တိုက်ခိုက်မှု #စစ်ကောင်စီ #ပျူစောထီး #PDF #ပကဖ #ပြောက်ကျား #ရေစကြို #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10