ရေဦးက အောင်သာယာရွာ တပ်စခန်းကို PDF တွေ သိမ်းပိုက်၊  စစ်အုပ်စုမှ ၇ ဦးကို အရှင်ဖမ်းမိထား

ရေဦးက အောင်သာယာရွာ တပ်စခန်းကို PDF တွေ သိမ်းပိုက်၊  စစ်အုပ်စုမှ ၇ ဦးကို အရှင်ဖမ်းမိထား

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က စစ်ကောင်စီတပ်စခန်းရှိတဲ့ အောင်သာယာကျေးရွာကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေက နိုဝင်ဘာ ၂၄ ရက် မနက် ၄ နာရီကျော်မှာ ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်အုပ်စုဘက်မှ ၇ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ PDF တွေဆီက သိရပါတယ်။

ပျူစောထီးနဲ့ စစ်ကောင်စီတပ်သား အင်အား ၁၀၀ နီးပါရှိတဲ့ အောင်သာယာရွာကို PDF ပူးပေါင်းတပ်ဖွဲ့  ၉ ဖွဲ့က ၁ နာရီခွဲကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း ပျူစောထီး ၆ ဦးနဲ့ စစ်ကောင်စီတပ်သား ၁ ဦးတို့ကို ဖမ်းဆီးရရှိခဲ့တာလို့ ဆိုပါတယ်။

"ရွာထဲအထိ ဝင်နိုင်ခဲ့တယ်။ အိမ်တချို့ကို မီးရှို့ခဲ့တယ်။ တရွာလုံးကို သိမ်းမလို့ပဲ လေကြောင်းနဲ့ မြေပြင် စစ်ကူတွေကြောင့် ပြန်ဆုတ်ခဲ့ရတယ်" လို့ ရေဦး PDF မှ ရဲဘော်တဦးက ပြောပါတယ်။

ရေဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ရင်းတွေကနေ တိုက်ပွဲဖြစ်ရာ နေရာကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်ကူ ပေးသလို Mi 35 ရဟတ်ယာဥ်တစီးနဲ့ပါ ပစ်ကူပေးခဲ့တာကြောင့် တရွာလုံးကို မသိမ်းနိုင်ဘဲ ပြန်ဆုတ်လာခဲ့ရတာလို့ သူက ဆက်ပြောပါတယ်။

တိုက်ပွဲအတွင်း PLA နဲ့ မဟာမိတ်တပ်ပေါင်းစုမှ PDF ရဲဘော် ၅ ဦး မစိုးရိမ်ရဒဏ်ရာတွေရရှိခဲ့ပြီး စစ်ကောင်စီဘက်မှတော့ ၁၀ ဦး ထက်မနည်းသေဆုံးခဲ့သလို ၁၅ ဦး ထက်မနည်းဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က ဒီကနေ့ မွန်းလွဲ ၁ နာရီမှာ ထုတ်ပြန်ထားပါတယ်။

"တိုက်ပွဲအသေးစိတ်အခြေအနေကိုတော့ ဖြေကြားလို့ မရသေးဘူး" လို့ PLA မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်း ၇ ဦးကိုတော့ PLA အမှတ်(၁)စစ်ဒေသ လက်အောက်မှာထားရှိပြီး ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သုံ့ပန်းပေါ်လစီနဲ့အညီ ထိန်းသိမ်းထားတယ်လို့ အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ PLA အမှတ် (၁)စစ်ဒေသရဲ့ စစ်ရေးဦးဆောင်မှုနဲ့ မဟာမိတ်တပ်ပေါင်းစုတပ်ဖွဲ့တွေဖြစ်တဲ့  ဗမာအမျိုးသားတော်လှန်ရေတပ်မတော် (BNRA)၊ 96 Soldiers PDF (အညာတပ်ခွဲ)၊ စိန်ဗေဒါ KBU (ပကဖ)၊ မိုးကြိုးမုန်တိုင်း LPDF ၊ ဝံသပါလ LPDF ၊ TCRF (PLA) ၊ ရွှေဘိုဓူဝံ (PLA) ၊ GZ LPDF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရေဦးမြို့ #စစ်ကောင်စီ #အောင်သာယာကျေးရွာ #ပျူစောထီး #PDF #စစ်သုံ့ပန်း #စခန်းသိမ်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10