ရေဦးကို စစ်ကြောင်းထိုးနေလို့ ဒေသခံ ၃,၀၀၀ ခန့် နေအိမ်စွန့်ခွာ ထွက်ပြေးနေရ

ရေဦးကို စစ်ကြောင်းထိုးနေလို့ ဒေသခံ ၃,၀၀၀ ခန့် နေအိမ်စွန့်ခွာ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ အနောက်ခြမ်းရှိ ကျေးရွာတွေဘက်ကို ဇူလိုင် ၁၈ ရက် မွန်းလွဲ ၁နာရီကျော်မှာ စစ်ကောင်စီတပ်သားတွေက စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် ဒေသခံ ၃,၀၀၀ ခန့်ဟာ နေအိမ်စွန့်ခွာပြီး ထွက်ပြေးနေကြရတယ်လို့ ရေဦးမြို့နယ် အခြေပြု People's Defense Comradeအဖွဲ့က ပြောပါတယ်။

ခမရ (၇၀၂) နဲ့ (၇၀၈)တပ်မှ အင်အား ၁၀၀ကျော်ပါတဲ့ စစ်ကောင်စီတပ်သားတွေက ရေဦးမြို့ပေါ်ကနေ ငြုပ်တုံကျေးရွာထဲကိုဝင်ရောက်လာချိန်  လက်နက်ကြီးတွေပစ်ခတ်ခဲ့တာကြောင့် မုတ်စီကျေးရွာထဲ ကျရောက်ပေါက်ကွဲကာ နေအိမ်တွေ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

"လက်နက်ကြီးပစ်မှ ထပြေးကြရတာ မဟုတ်ဘူးပေါ့ဗျာ။ ရေဦးကနေ စစ်ကြောင်းထွက်လာမှတော့ အိမ်ထဲထိုင်နေလို့မှ မရတာ။ လက်နက်ကြီးမထုလည်း ရှောင်ရမှာဘဲ။ ခြေလျင်စစ်ကြောင်းထွက်လာလို့မို့ ထွက်ပြေးကြရတာ။ ထွက်ပြေးနေကြတဲ့ပြည်သူတွေဘက်ကို ရမ်းပြီးလက်နက်ကြီးလှမ်းထုတာ" လို့ ရေဦးအခြေ ပြု People's Defense Comrade ပြန်ကြား ရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ပြော ပါတယ်။

စစ်ကောင်စီတပ်က အခုလိုစစ်ကြောင်းထိုးဝင် ရောက်လာတာကြောင့်  ငြုပ်တုံ၊ မုတ်စီ၊ ပြည်တော်၊ ကုန်းကြီး၊ ကုန်းတန်း၊ နှောကုန်း၊ ရွာမိဿာ၊ ဇဝ စတဲ့ကျေးရွာ ၈ ရွာက ဒေသခံ ၃, ၀၀၀ခန့် ထွက်ပြေးနေကြရတာလို့ သူက ပြောပါတယ်။

ရေဦးမြို့နယ်ထဲမှာ မူလကတည်းက ပုံမှန်ရှိနေတဲ့ စစ်ရှောင်ပြည်သူ ၅,၀၀၀ ကျော်ရှိတဲ့အထဲ အခုလက် ရှိ ၃,၀၀၀ ခန့် ထပ်တိုးလာတာကြောင့် စားနပ်ရိက္ခာ၊ မိုးကာ၊ ခြင်ထောင်စတဲ့ အသုံးအဆောင်ပစ္စည်းတွေ အရေးပေါ်လိုအပ် နေတယ်လို့ ကိုထူးခန့်ဇော်က ဆက်ပြောပါတယ်။

ဒါ့အပြင် ရေဦးမြို့နယ်ထဲမှာ အာဏာသိမ်းချိန်ကစလို့ အခုနှစ် ဇူလိုင်အထိ မီးရှို့ဖျက်ဆီးခံထားရတဲ့  နေအိမ်ပေါင်း ၄,၀၀၀ နီးပါးအထိ ရှိနေပြီး မီးဘေးသင့်လူဦးရေ သောင်းချီရှိနေတယ်လို့ သူကဆိုပါတယ်။

ပြီးခဲ့တဲ့ဇူလိုင် ၁၀ရက်မှာလည်း ရေဦးမြို့နယ် အနောက်ခြမ်းက ရေမျက်ကျေးရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် စေတီတဆူအပါအဝင် စာသင်ကျောင်းနဲ့ အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။ 

ပုံစာ - ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်းမှ စစ်ရှောင်များ။ (ပုံဟောင်း) 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရေဦးမြို့နယ် #စစ်ဘေးရှောင် #ထွက်ပြေး  #မီးရှို့  #စစ်ကောင်စီ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10