ရေဦးနဲ့ ကောလင်းမှာ လေကြောင်းကြဲခံရလို့ ကလေး ၂ ဦးအပါ ပြည်သူ ၆ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်းထဲက ရေဦးနဲ့ ကောလင်းမြို့နယ်မှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းနဲ့ဗုံးကြဲခဲ့တာကြောင့် ကလေး ၂ ဦးအပါအဝင် ပြည်သူ ၆ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၈ ရက် ညနေ ၃ နာရီခွဲဝန်းကျင်မှာ တံတားဦးကတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ကောလင်း အရှေ့ခြမ်း၊ ရွှေဘို-မြစ်ကြီးနား ကားလမ်းဘေးက ကုက္ကိုလ်ကုန်းရွာကို လေကြောင်းနဲ့ ဗုံး ၃ လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ကားလမ်းဘေးနားက ဈေးဆိုင်ကို ပစ်သွားတာ၊ ၃ ဦးသေတယ်၊ အမျိုးသမီး ၁ ဦး အမျိုးသား ၂ဦး။ ပင်လည်ဘူး မြို့သိမ်းလုပ်နေတဲ့ဟာကို ကောလင်းက အဓိက ထောက်ပံ့တယ်ဆိုပြီးမှ ငြိုးတာနေမှာ။”လို့ ကောလင်းဒေသခံတဦးက ပြောပါတယ်။ 

လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရပြီး ထိခိုက်သေဆုံးသူတွေရဲ့ အချက်လက်အသေးစိတ်ကတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ ညနေ ၄ နာရီခွဲဝန်းကျင်မှာလည်း မိတ္ထီလာ၊ ရှမ်းတဲလေတပ်က တက်လာတဲ့ MiG-29 ဂျက်ဖိုက်တာနဲ့ ရေဦးမြို့နယ်အနောက်တောင်ခြမ်းက တင်းတိမ်ရံရွာကို လေကြောင်းတိုက််ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“မြောက်ပိုင်းကနေ ဝဲပြီးမှ ပျံရင်းပစ်သွားတာ။ အဲ့ဒီမှာ အောင်မိုဘိုင်းဆိုတဲ့အိမ်ကို အလုံးက ဒဲ့ကျသွားတာ၊ ပေါင် ၂၅၀ ဗုံးသီး။ ဒီဘက်မှာ တိုက်ပွဲလည်းဘာမှမရှိဘဲနဲ့ အကြောင်းမဲ့ကို ပစ်သွားတာ။”လို့ ရေဦးဒေသခံတဦးက ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် တင်းတိမ်ရံကျေးရွာမှာရှိတဲ့ မိသားစု ၁ စုထဲက အသက် ၃၅ နှစ်အရွယ် မမွန်မွန်အောင်၊ သားဖြစ်သူ ၆ နှစ်အရွယ် မောင်ဖြိုးခေတ်သစ်နဲ့ သမီးဖြစ်သူ ၆ လသားအရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်ကလည်း တင်းတိမ်ရံကျေးရွာမှာ လေကြောင်းနဲ့ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံးထားသလို ကောလင်းအနောက်ခြမ်းက ကျေးရွာတွေမှာလည်း စက်တင်ဘာ ၂၈ ရက်ကနေ ၃၀ ရက်အထိ ၃ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၇ ဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း စစ်ကိုင်း၊ မကွေး၊ ပဲခူးနဲ့ မန္တလေးတိုင်း ဒေသတွေကို  လေကြောင်းနဲ့ ၁၁၂ ကြိမ်တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၁၅ ဦး၊ အမျိုးသမီး ၄၈ ဦးအပါအဝင် ပြည်သူ ၂၁၇ ဦး သေဆုံးကာ ၃၂၇ ဦးဒဏ်ရာရခဲ့ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ လေကြောင်း တိုက်ခိုက်မှု အကြိမ်ရေ ၃၅၀ ထိရှိခဲ့တယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေး (Blood Money Campaign) အဖွဲ့က ထုတ်ပြန်ထားပါတယ်။

စာတည်း - လင်း၊ တည်းဖြတ် - ငြိမ်းဇော် 

#မြေလတ်အသံ

#စစ်ကိုင်း #ရေဦး #ကောလင်း #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10