ရေဦးနဲ့ ဒီပဲယင်းမှာ စစ်တပ်ကစစ်ကြောင်းထိုးလာလို့ ဒေသခံသောင်းချီထွက်ပြေးနေရ

ရေဦးနဲ့ ဒီပဲယင်းမှာ စစ်တပ်ကစစ်ကြောင်းထိုးလာလို့ ဒေသခံသောင်းချီထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ရေဦးနဲ့ ဒီပဲယင်းမြို့ နယ်ကကျေးရွာတွေကို သြဂုတ် ၁၅ ရက် ဒီနေ့မနက် ၄ နာရီလောက်ကစတင်ပြီး စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုနေတဲ့အတွက် သောင်းနဲ့ချီတဲ့ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ရေဦးမြို့ပေါ်ကနေ ထွက်ခွာလာတဲ့အင်အား ၈၀ ကျော်ပါ စစ်ကောင်စီတပ်သားတွေက ရေဦးမြို့နယ်၊ မုတ်စီ၊ ငရုတ်တုံ၊ ကုန်းကြီး၊ ကုန်းတန်း၊ နှောကုန်း၊ ရွာမိဿာ၊ အောင်သာ၊ မူးဆုံနဲ့ ဇီးကုန်းကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးတာကြောင့် ဒေသခံတွေ ရွာလုံးကျွတ်ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။ 

"ခြေလျင်လာတာဗျ။ ကားလမ်းမအတိုင်းပဲ ထိုးလာတာ။ ရွာထဲတွေတော့ မဝင်ဘူး။ ဒါပေမယ့် ဒေသခံတွေက တခုခုဖြစ်မှာကြောက်တော့ ရွာလုံးကျွတ်ထွက်ပြေးနေကြရတယ်"လို့ မုတ်စီကျေးရွာသားတဦးက ပြောပါတယ်။

လက်ရှိမှာ အဲ့ဒီစစ်ကြောင်းက ရေဦးမြို့နယ်အနောက်ခြမ်းရှိ မူးဆုံနဲ့ အောင်သာကျေးရွာ အနီးဝန်းကျင်ကို ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီစစ်ကြောင်းဟာ မြို့အနောက်ဘက်ကို ဆက်လက်ဦးတည်လှုပ်ရှားနေတဲ့အပြင် ရေဦးအနောက်ဘက်ရှိ ရွှေကျီးမင်းစစ်ကောင်စီဂိတ်ကနေလည်း လက်နက်ကြီးတွေနဲ့ပစ်ခတ်နေလို့ ဒေသခံတွေ အထူးဂရုစိုက်နေကြဖို့ People's Defense Comrade က သတိပေးထုတ်ပြန်ထားပါတယ်။

အလားတူ ဒီမနက်ပိုင်းမှာပဲ ဒီပဲယင်းမြို့ပေါ်က အင်အား ၄၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်သားတွေက ရေဦး-ဒီပဲယင်းကားလမ်းမဘေးရှိ ကံပြားကျေးရွာပတ်ဝန်းကျင်ကို စစ်ကြောင်းထိုးနေတယ်လို့ ဒီပဲယင်းမြို့နယ်မှ တော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။

"အခုက ရေဦးကစစ်ကြောင်းက ဒီပဲယင်းက စစ်ကြောင်းနဲ့ချိန်းဖို့အတွက် လာတာပေါ့ဗျ။ ရေဦး စစ်ကြောင်းက ဒီပဲယင်းကိုဦးတည်လာနေတယ်"လို့ ဒီပဲယင်းမြို့နယ်မှ တော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။

အခုလိုစစ်ကြောင်းထိုးနေတာကြောင့် ဒီပဲယင်းမြို့နယ်ရှိ ကံပြားကျေးရွာအပါအဝင် ရေဦး-ဒီပဲယင်း ကားလမ်းမဘေးမှာရှိတဲ့ ကျေးရွာတွေအားလုံးနီးပါးက ဒေသခံသောင်းချီ ဘေးလွတ်ရာတွေဆီ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့သြဂုတ် ၁၀ ရက်ကနေ ၁၂ ရက်ထိ စစ်ကောင်စီက ရေဦးမြို့ပေါ်ကို ရဟတ်ယာဥ်နဲ့အင်အားဖြည့်ကာ တပ်သားအပြောင်းအလဲလုပ်ပြီးနောက် ခုလိုစစ်ကြောင်းထိုးလာတာလို့လည်း ဒေသခံတွေက ပြောပါတယ်။  

ပုံစာ- ၂၀၂၃ စက်တင်ဘာလအတွင်း စစ်ကြောင်းထိုးလို့ထွက်ပြေးနေရသည့် ရေဦးဒေသခံများ။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ရေဦး #ဒီပဲယင်း #စစ်ကောင်စီ #စစ်ကြောင်းထိုး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10