ရေဦးနဲ့ ဒီပဲယင်းနယ်တွေကို စစ်တပ်က စစ်ကြောင်းထိုး

ရေဦးနဲ့ ဒီပဲယင်းနယ်တွေကို စစ်တပ်က စစ်ကြောင်းထိုး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်အစပ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးတာကြောင့် ဒေသခံတသောင်းနီးပါး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

အောင်လံအခြေစိုက် ခလရ ၇၁ က အင်အား ၁၃၀ ပါ စစ်ကြောင်းဟာ စက်တင်ဘာလ ၂၅ ရက် ဒီမနက်ပိုင်းက ရေဦးမြို့နယ်တောင်ဘက်ခြမ်းကို စတင်စစ်ကြောင်းထိုးခဲ့တာလို့ ဆိုပါတယ်။ 

"ရွာထဲက ပြည်သူတွေကတော့ ကြိုရှောင်ထားတာမို့ ထိခိုက်မှုမရှိနိုင်ဘူးလို့ ခန့်မှန်းထားပါတယ်။ နှစ်မြို့နယ် ချုပ်စပ်ကရွာတွေကို တိုက်ပွဲဖြစ်တာမရှိဘဲ ပြည်သူတွေ နေထိုင်ရာကျေးရွာတွေဘက်ကို စစ်ကြောင်း ထိုးလာတာပါ"လို့ ရေဦးမြို့နယ်အခြေပြု People's Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော် (အမေ့သား)ကပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ရွာသာလေးကျေးရွာကို ဝင်ရောက်ချိန်မှာ ဒေသခံအမျိုးသားတဦးကို ဖမ်းဆီးခဲ့ပြီး လက်ရှိ စစ်ကြောင်းကတော့ ဆည်ကြီးရွာမှာတဖွဲ့၊ ဆည်ကြီးနဲ့ လက်ယက်ကုန်းကျေးရွာကြားမှာတဖွဲ့ အဖွဲ့ခွဲပြီး တပ်ချထားတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် လက်ယက်ကုန်းကျေးရွာဘက်ကိုပါ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာအတွင်း လက်နက်ကြီးတလုံး ကျရောက်ခဲ့တယ်လို့သိရပြီး ထိခိုက်မှုအခြေအနေတွေကိုတော့ အတည်မပြုနိုင်သေးပါဘူး။ 

ခုလိုစစ်ကြောင်းထိုးတဲ့အတွက် ရေဦးမြို့နယ်တောင်ဘက်ခြမ်းရှိ မူးသာကုန်း၊ ရွာသာလေး၊ ကုက္ကိုစု၊ ပြည်တော်၊ မုတ်စီ၊ ပေါက်သာ၊ ဆည်ကြီး၊ ပိဋိကတ်ကျ၊ ဇိန့်ဇွန်းရွာနဲ့ ဒီပဲယင်းအရှေ့ခြမ်းက ညောင်လှ၊ ဝဲကြီး၊ သရက်တော၊ မူးခတွင်း စတဲ့ကျေးရွာက ဒေသခံတွေတိမ်းရှောင်နေရတာပါ။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်အထိ မြန်မာနိုင်ငံတဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၉ သန်းကျော်ရှိလာပြီးလို့လည်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး - UNOCHA က စက်တင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ကြေညာထားပါတယ်။ 

စာတည်း - လင်း

#မြေလတ်အသံ 

#စစ်ကိုင်း #ရေဦး #ဒီပဲယင်း #စစ်ကောင်စီ #စစ်ကြောင်းထိုး #ဒေသခံ #ထွက်ပြေး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10