ရေဦးမြို့နယ်ပလဖက ဖမ်းထားတဲ့ ကျေးရွာပအဖ ၂ ဦးအပါ ၄ ဦးကို မျှမျှတတ စစ်ဆေးပေးဖို့ ရွာခံတွေတောင်းဆို

ရေဦးမြို့နယ်ပလဖက ဖမ်းထားတဲ့ ကျေးရွာပအဖ ၂ ဦးအပါ ၄ ဦးကို မျှမျှတတ စစ်ဆေးပေးဖို့ ရွာခံတွေတောင်းဆို

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် တောင်ပြင်ငယ်ရွာ၊ စမ်းအိုင့်ရွာနဲ့ ပလူဇဝရွာတို့က ကျေးရွာ ပအဖတွေအပါအဝင် ပြည်သူ ၄ ဦးကို ရေဦးမြို့နယ် ပလဖက လူသတ်မှု သံသယနဲ့ ဖမ်းဆီးခဲ့မှုကို မျှမျှတတ စစ်ဆေးပေးဖို့ မိသားစုနဲ့ ရွာခံတွေက တောင်းဆိုထားကြပါတယ်။

ဖေဖော်ဝါရီ ၉ ရက်၊ ၁၀ ရက်မှာ တောင်ပြင်ငယ်ရွာက ကျေးရွာပအဖအဖွဲ့ဝင် ဦးဝင်းချို၊ စမ်းအိုင့်ရွာက ဦးဝင်းအောင်၊ ကိုဘိုမင်းထွန်း၊ ပလူဇဝရွာက ကျေးရွာပအဖတာဝန်ခံ ဦးဇော်မင်းအောင်တို့ကို ရေဦးမြို့နယ်ပလဖအဖွဲ့တွေက လာရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

၂၀၂၂ က ဖြစ်ပွားခဲ့တဲ့ စမ်းအိုင့်ရွာသား ဦးမင်းရာ ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး လူသတ်မှုသံသယနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ရွာသားတွေဘက်ကတော့ ပျောက်ဆုံးသူ ဦးမင်းရာဟာ ဒလန်လို့ ယူဆရသူဖြစ်ပြီး သူပျောက်ဆုံးမှုမှာ အခုလက်ရှိ ဖမ်းဆီးခံထားရတဲ့သူတွေ ပါဝင်ပတ်သက်ခြင်း မရှိဘူးလို့ ပြောဆိုကြပါတယ်။

“ဦးမင်းရာက သစ်မှောင်ခိုလုပ်တာ၊ သစ်မှောင်ခိုလုပ်တော့ စကစ ဗိုလ်ကြီးတွေ ရဲတွေနဲ့ နဂိုထဲကသိမှာပေါ့၊ အဲ့တာက တကြောင်း၊ နယ်မြေခံတပ်ရင်းတခုက စစ်ကြောင်းလာမယ်ဆိုတုန်းက သူ့ ရွာနားမှာ မိုင်းတွေ သွားကာတာ၊ အဲ့မိုင်းတွေကို ဦးမင်းရာက သူ့လူတယောက်ကို ဖျက်ခိုင်းတာ၊ အဲ့တာတွေတကြောင်းကြောင့် ဒလန်လို့ ယူဆတယ် ထင်တယ်။” လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ရွာသားတဦးက ပြောပါတယ်။

မြို့နယ်အဖွဲ့အစည်းတွေဘက်ကလည်း ဦးမင်းရာဟာ တပ်ရင်းတခုနဲ့ ပကဖအဖွဲ့တခုကို ထောက်ပို့ပေးနေတဲ့ ပြည်သူဖြစ်တယ်လို့ ဆိုပါတယ်။

“အဲ့ဒီလူက ယခင်တုန်းကတော့ ကြံ့ခိုင်ရေးပါတီဝင် ဖြစ်ခဲ့တယ်၊ သို့သော် တော်လှန်ရေးကာလမှာကတော့ တပ်ရင်းတရင်းရယ်၊ နောက်တခြားမြို့နယ်က ပကဖအဖွဲ့ရယ်ကို တောက်လျှောက် Supporter အနေနဲ့ ရှိခဲ့တဲ့လူဆိုတာ ကျနော်တို့ သိရတယ်၊ ဆိုတော့ သူလျို ဒလန် မဟုတ်နေဘူး။”လို့ ရေဦးမြို့နယ် ပအဖတာဝန်ခံက ပြောပါတယ်။ 

ဖမ်းဆီးစဥ်မှာလည်း စစ်ဒေသ ခရိုင်ကွပ်ကဲရေးမှူးရဲ့ ခွင့်ပြုချက်နဲ့အတူ သံသယတရားခံ ၂ ဦးကို စတင်ဖမ်းခဲ့ပြီး သူတို့ရဲ့ ထွက်ဆိုချက်ကတဆင့် ပါဝင်ပတ်သက်တယ်လို့ ယူဆရတဲ့ နယ်မြေခံတပ်ရင်းတခုက ရဲဘော် ၄ ဦး၊ ပအဖ ၂ ဦး၊ ရွာသား ၂ ဦး စုစုပေါင်း  ၈ ဦးကို ထပ်မံဖမ်းခဲ့တယ်လို့ ဆိုပါတယ်။

ရဲဘော် ၄ ဦးကိုတော့ လက်ရှိ ခရိုင်ကွပ်ကဲရေးကတဆင့် တပ်ရင်းအချုပ်ကို လွှဲပြောင်းခဲ့ပြီး ကျန် ၄ ဦးကတော့ မြို့နယ် ပလဖရုံးမှာ ချုပ်ထားဆဲဖြစ်ကာ တရားရုံးတင်ဖို့ လုပ်ဆောင်နေပြီး စက်တင်ဘာ ပထမပတ်မှာ တရားလိုဘက်ကို တရားရုံးစထုတ်နေပြီလို့ သိရပါတယ်။

ဖမ်းဆီးခံထားရတဲ့သူတွေကို စစ်မေးချိန် လူတရပ်မြုပ်တဲ့ မြေကျင်းတူးကာ လူကိုဖို့ပြီး ဝန်ခံခိုင်းတာတွေ၊ လက်လုပ်သေနတ်အတိုကို မောင်းတင်ပြီး နားထင်တေ့ကာ စစ်ဆေးပြီး ငြင်းဆိုရင် ရိုက်နှက်တာတွေ လုပ်ဆောင်ခဲ့ပြီး တောင်ပြင်ငယ်ရွာက ကျေးရွာ ပအဖအဖွဲ့ဝင် ဦးဝင်းချိုကတော့ စစ်ဆေးခံနေရစဥ်အတွင်း ညှင်းပန်းမှုတွေကြောင့် ကိုယ့်ကိုယ်ကို သတ်သေဖို့ထိ လုပ်ဆောင်ခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

မြို့နယ် ပအဖ တာဝန်ရှိသူကို မေးမြန်းကြည့်ရာမှာတော့ စစ်ဆေးစဥ်  ရိုက်နှက်တာတွေ မရှိဘဲ ရဲလုပ်ငန်းစဥ် လုပ်ထုံးလုပ်နည်းတွေအရပဲ စစ်ဆေးမှုတွေ ပြုလုပ်နေကာ ဦးဝင်းချိုကတော့ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာအရ လုပ်ဆောင်တာဖြစ်တယ်လို့ ပြောပါတယ်။

အဆိုပါ ဖမ်းဆီးခံထားရတဲ့ ၄ ဦးထဲက ပအဖ ၂ ဦးနဲ့ ရေဦးမြို့နယ် ပ ၃လုံးကြားမှာ ဆိုလာလျှပ်စစ်စက်ရုံကိစ္စနဲ့ ပတ်သက်ပြီး အတိုက်ခံတွေ ဖြစ်ထားဖူးတာကြောင့် အမှုစစ်ဆေးစဥ် တရားမျှတမှုရှိရှိနဲ့ ဘက်မလိုက်ဘဲ စစ်ဆေးစေချင်တယ်လို့ ရွာသားတွေက ဆိုပါတယ်။

ရေဦးမြို့နယ် ပလဖ တာဝန်ခံကတော့ အဆိုပါ ဖမ်းဆီးခံထားရတဲ့ ၄ ဦးဟာ လူသတ်မှုမှာ မပါဝင်ရင် တရားရုံးမှာ ပြန်လည် ဖြေရှင်းနိင်တယ်လို့ ပြောပါတယ်။

“အဲ့တာ တရားရုံးတင်ထားပါတယ်ဗျ၊ (လူသတ်မှုမှာ)မပါဘူးဆိုရင် သူတို့ မပါတဲ့အကြောင်း တရားရုံးမှာ သက်သေနဲ့ ဘာနဲ့ တင်လို့ရတယ်။” လို့ ရေဦးမြို့နယ် ပလဖ တာဝန်ခံက ပြောပါတယ်။

၂၀၂၁၊ ၁၁ လပိုင်းတုန်းက ဒီပဲယင်းဘက်ကနေ စမ်းအိုင့်ရွာဘက်ကို စစ်ကြောင်းထိုးချိန် ကာကွယ်ရေးတပ်တွေက အဆိုပါ စစ်ကြောင်းကို ကာဖို့  ထောင်ထားတဲ့မိုင်းတွေကို ဦးမင်းရာက ဖြုတ်သိမ်းတာတွေ၊ စစ်ကောင်စီ စစ်ကြောင်းထိုးရင်း ဆန်စက် ဆန်ဂိုထောင်တွေဆီကနေ ယူဆောင်လာတဲ့ ဆန်တွေကို ဦးမင်းရာက မုံရွာပွဲရုံတွေကို ရောင်းပေးတဲ့ ဖြစ်စဥ်တွေ ရှိတယ်လို့ နယ်မြေခံ ရဲဘော်တွေဆီက သိရပါတယ်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရေဦးမြို့ #တောင်ပြင်ငယ်ရွာ #စမ်းအိုင့်ရွာ #ပလူဇဝရွာ #ပအဖ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10