ရေဦးမှာ စစ်ကောင်စီတပ်ဖွဲ့တွေက အမျိုးသမီးတွေကိုပါပေါ်တာဆွဲလို့ မြို့တဝက်ကျော် တိမ်းရှောင်နေရ

ရေဦးမှာ စစ်ကောင်စီတပ်ဖွဲ့တွေက အမျိုးသမီးတွေကိုပါပေါ်တာဆွဲလို့ မြို့တဝက်ကျော် တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ် မှာ စစ်ကောင်စီတပ်က အဓမ္မဖမ်းဆီးပြီး စစ်သားစုဆောင်းတာတွေ ဆက်တိုက်လုပ်လာလို့  မြို့ပေါ်ရပ်ကွက်နေ ပြည်သူအများစု ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက ရေဦးမြို့ပေါ် အောင်မင်္ဂလာ၊ အောင်ချမ်းသာ၊ ဇီးခြံ၊ ရွှေပြည်သာ၊ ဗိုလ်အောင်ဇေယျ၊ မကျည်းတော စတဲ့ ရပ်ကွက်တွေက အမျိုးသမီးတွေအပါအဝင် အရပ်သား ၇၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ  လမ်းပေါ်တွေသာမက နေအိမ်တွေထဲထိပါ ဝင်ရောက်ဖမ်းဆီးတာတွေ လုပ်ဆောင်နေပြီး အဲ့ဒီလို ဖမ်းဆီးမှုတွေကြောင့် ရေဦးမြို့ပေါ်မှာရှိတဲ့ အရပ်သားပြည်သူ ၃ ပုံ ၂ ပုံဟာ ဒီဇင်ဘာလလယ်ကစပြီး ဒီကနေ့ထိ ဘေးလွတ်ရာတွေဆီကို သွားရောက်နေထိုင်နေရတယ်လို့ ဆိုပါတယ်။

"မြို့ခံတွေ အကုန်နီးပါး အိမ်ထောင်စုတွေအလိုက်ကို လွတ်ရာရှောင်နေကြတာ။ မြို့ပေါ်ရပ်ကွက်တိုင်းလိုလို ပြည်သူမရှိတော့သလောက်အထိ ဖြစ်နေတယ်လို့ သိရတယ်။ ပြည်သူမရှိတဲ့ နေအိမ်က ပိုများတယ်။"လို့ People's Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ပြောပါတယ်။

ရေဦးမြို့ပေါ်မှာရှိတဲ့ လူဦးရေ ၂၀,၀၀၀ ကျော်ထဲက တဝက်ကျော်ဟာ စစ်မှုထမ်းအတွက် ဥပဒေမဲ့ဖမ်းဆီးတာကို ရှောင်ရှားဖို့နဲ့ စစ်ဘေးရှောင်ဖို့အတွက် ဘေးလွတ်ရာဒေသတွေကို ရှောင်တိမ်းနေကြတာဖြစ်တယ်လို့ ဆိုပါတယ်။

“၄ နှစ်အတွင်း စစ်ဘေးရှောင်ရင်း ရှောင်ရင်းနဲ့ သိပ်မကျန်တော့ဘူး၊ စစ်ဘေးကြောင့် ရှောင်ကြတာလည်း ပါတယ်။ နယ်ဘက်ကလူတွေကတော့ ရေဦးကို မသွားရဲဘူး။ မိန်းကလေးတွေတို့ ဆေးကုမယ့်သူတွေလောက်ပဲ သွားတာများတယ်။ ကားသမားတွေကတော့ ဝင်ထွက်နေတာပါပဲ။” လို့ ရေဦးဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

ယခု ဇန်နဝါရီလအတွင်းမှာတော့ ဖမ်းဆီးမှုတွေငြိမ်နေပေမယ့် ဖမ်းမိထားတဲ့သူတွေကို ပွင့်လင်းရာသီရောက်ရင် စစ်ကြောင်းနဲ့ထည့်မယ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြောဆိုနေတယ်လို့လည်း သိရပါတယ်။

ပုံစာ - ရေဦးမြို့ နာရီစင်။ (ပုံဟောင်း)

သတင်း - ခေတ်သဒ္ဒါ၊ စာတည်း - ချယ်ရီ

#မြေလတ်အသံ

#ရေဦး #စစ်မှုထမ်း #အဓမ္မဖမ်းဆီး #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10