သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှာ တပတ်အတွင်း အမျိုးသား အယောက် ၃၀ ကျော် စစ်မှုထမ်းဖို့ စစ်ကောင်စီရဲ့ အဓမ္မဖမ်းဆီးတာကို ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒီဇင်ဘာ ၁၀ ရက်ကနေ ဒီကနေ့ထိ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့ဝင်တွေက ရေဦးမြို့ပေါ် ရပ်ကွက်တွေနဲ့ နေအိမ်တွေထဲထိ ဝင်ရောက်ဖမ်းဆီးသလို လမ်းသွားလမ်းလာ လူငယ်တွေကိုလည်း ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
လက်ရှိ ရေဦးမြို့ပေါ် မှာရှိတဲ့ အောင်မင်္ဂလာရပ်ကွက်က အမျိုးသား ၁၈ ဦးခန့်၊ ဇီးခြံရပ်ကွက်က ၁၁ ဦးခန့် အဖမ်းခံလိုက်ရသလို ရွှေပြည်သာရပ်ကွက်နဲ့ ဗိုလ်အောင်ဇေယျ ရပ်ကွက်မှာလည်း အမျိုးသားတချို့ ဖမ်းဆီးခံလိုက်ရကာ စုစုပေါင်း အမျိုးသား ၃၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။
"ရွှေပြည်သာရပ်ကွက်နဲ့ ဗိုလ်အောင်ဇေယျရပ်ကွက်တို့က အဆွဲခံရတဲ့ ဦးရေကိုတော့ အတည်မပြုနိုင်သေးဘူး။ နေ့ခင်းပိုင်းမှာပါ ပေါ်တာဆွဲဖမ်းဆီးနေလို့ နယ်ဘက်က စျေးဝယ်သွားကြမယ့် ပြည်သူတွေရော၊ မြို့ခံတွေရော သွားလာမှု မလုပ်ကြတော့ဘူး။ မြို့ကတိတ်ဆိတ်နေတာပေါ့။ ညပိုင်းတွေဆို ကားတွေနဲ့ပတ်ပြီး အိမ်တွေထဲ ရပ်ကွက်လမ်းကြားထဲ ဝင်ပြီးဖမ်းတာ။"လို့ People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား)က ပြောပါတယ်။
ရေဦးမြို့ပေါ်မှာ အောက်တိုဘာလနဲ့ နိုဝင်ဘာလတွေက ဖမ်းဆီးမှုတွေ ငြိမ်နေခဲ့ပြီး အခု ဒီဇင်ဘာလမှာ ဖမ်းဆီးတာတွေ ပြန်လည် လုပ်ဆောင်နေသလို ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသားတွေကိုလည်း ရေဦးမြို့ပေါ်က စစ်ကောင်စီတပ်စွဲထားတဲ့ တိုင်းရင်းဆေးရုံနဲ့ အထက ၁ ကျောင်းထဲကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလပိုင်းက စစ်ကောင်စီတပ်စွဲထားတဲ့ ရေဦးမြို့ပေါ် တိုင်းရင်းဆေးရုံမှာ စစ်သင်တန်းဆင်းပွဲ ပြုလုပ်ပေးပြီး အခု ဒီဇင်ဘာလမှာတော့ အရပ်သားတွေကို ထပ်မံဖမ်းဆီးကာ စစ်သင်တန်း အသစ်ပေးဖို့ စီစဥ်နေတာဖြစ်တယ်လို့ သိရပါတယ်။
စစ်သင်တန်းဆင်းသူတွေရဲ့ မိသားစုတွေကို စစ်ကောင်စီက ဆန်နဲ့ငွေသားတချို့ ထောက်ပံ့ပေးတာရှိတယ်လို့ သိရပါတယ်။
ပုံစာ - ပြည်သူ့စစ်သင်တန်း အမှတ်စဥ် ၇ အတွက် စုဆောင်းခံရသူအချို့အားတွေ့ရစဥ်။ (ဓာတ်ပုံ - စစ်ကောင်စီ တယ်လီဂရမ်)
သတင်း - ခေတ်သဒ္ဒါ၊ စာတည်း - JCG
#မြေလတ်အသံ
#စစ်ကိုင်း #ရေဦး #စစ်မှုထမ်း #စစ်ကောင်စီ #အဓမ္မ #ပျူစောထီး #လူငယ်
Share Share Share