ရေဦးမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလို့ ကျေးရွာ ၈ ရွာက ဒေသခံတွေ ထွက်ပြေးနေရ

ရေဦးမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလို့ ကျေးရွာ ၈ ရွာက ဒေသခံတွေ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၈ ရက် မနက် ၆ နာရီကျော်ကစတင်ကာ စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် ကျေးရွာ ၈ ရွာက ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေဦးမြို့ပေါ်မှာရောက်ရှိနေတဲ့ ခလရ ၇၁ တပ်ရင်းက စစ်သား ၁၀၀ကျော်က ရေဦးမြို့နယ်အနောက်ခြမ်း ရေဦး -ဒီပဲယင်းကားလမ်းမ ဘေးတလျှောက်မှာရှိတဲ့ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဝင်ရောက်နေတာလို့ ဆိုပါတယ်။

"ကားလမ်းဘေးက ရွာတွေကတော့ ** ကြောင်းနဲ့ မလွတ်တော့ ပြေးကြရတယ်။ တချို့ရွာတွေက စစ်ကြောင်းမဝင်ပေမယ့် လက်နက်ကြီးထုမှာစိုးတော့ ပြေးကြရတယ်" လို့ ရေဦးမြို့နယ် အခြေပြု People's Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)ကပြောပါတယ်။

အခုလို စစ်ကြောင်းထိုးနေတာကြောင့် ငြုတ္တုံ၊ မုတ်စီ၊ မူးဆုံ၊ မစိုးရိမ်၊ ပျော်ဘွယ်၊ ဇီးကုန်း၊ ကျီကုန်း၊ ခြုံရွာစတဲ့ ကျေးရွာ ၈ ရွာက ဒေသခံ ၈ ထောင်ခန့်မှာ နေရပ်စွန့်ခွာထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို ဝင်ရောက်ပြီး စစ်ကြောင်းထိုးနေချိန် ဒီကနေ့ မနက် ၉ နာရီကျော်မှာ မူးဆုံရွာအနီးမှာ နယ်မြေခံကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ကိုထူးခန့်ဇော်က ပြောပါတယ်။

လက်ရှိမှာ အဲ့ဒီစစ်ကြောင်းဟာ ရေဦးမြို့နဲ့ ဒီပဲယင်းမြို့နယ်အစပ်မှာရှိတဲ့ မစိုးရိမ်ကျေးရွာထဲဝင်ရောက်နေပြီး အဲ့ကနေတဆင့် ဒီပဲယင်းမြို့နယ်ဘက်ကို ထွက်သွားနိုင်တယ်လို့ သူကခန့်မှန်းပါတယ်။

ဒါ့အပြင် အခုစစ်ကြောင်းဟာ ပြီးခဲ့တဲ့သီတင်းပတ်က ခင်ဦးနဲ့ ရွှေဘိုမြို့နယ် တို့ကို စစ်ကြောင်းပတ်ထိုးပြီး ခင်ဦးမြို့ကနေ ရေဦးမြို့ပေါ်ကို အောက်တိုဘာ ၁၆ရက်မှာ ရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။

ပုံစာ - အောက်တိုဘာ ၁၈ ရက် ဒီမနက်မှာ စစ်ကြောင်းထိုးနေလို့ ထွက်ပြေးနေကြရသည့် ဒေသခံများ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရေဦးမြို့နယ် #စစ်ကောင်စီ #စစ်ကြောင်းထိုး #ခင်ဦး #ဒေသခံ #ထွက်ပြေး #စစ်ဘေးရှောင် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10