ရေဦးမှာ စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး အမျိုးသမီးတဦးသေဆုံး

ရေဦးမှာ စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး အမျိုးသမီးတဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ရှိ စစ်ကောင်စီအထိုင်တပ်တခုကပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

သေဆုံးခဲ့သူမှာ လေးရွာကျေးရွာမှ အသက် ၃၇ နှစ်အရွယ်ရှိ မအေးစိုးဖြစ်ပြီး ဇူလိုင် ၄ ရက်ည ၇နာရီလောက်မှာ နေအိမ်ခြံဝန်းထဲရှိ ကျွဲခြံထဲမှာ ကျွဲတွေကိုနေရာရွှေ့ပေးနေချိန် လက်နက်ကြီးကျည်တလုံးက သူ့အနီးကို ကျရောက် ပေါက်ကွဲရာ ထိမှန်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

"ခန္ဓာတကိုယ်လုံး ဒဏ်ရာတွေနဲ့ သွေးထွက်လွန်ပြီးဆုံးသွားတာ။ သူနဲ့အတူ ကျွဲတကောင်လည်း သေသွားတယ်"လို့ ရေဦးမြို့နယ်အခြေပြု People's Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ပြောပါတယ်။

လေးရွာကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးကျည်ဟာ ရွာနဲ့ ၄ မိုင်ခန့်သာဝေးတဲ့ ရေဦးမြို့၊ တိုင်းရင်းဆေးရုံးရှိ စစ်ကောင်စီအထိုင်တပ်စခန်းကနေ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ပစ်ခတ်လိုက်တဲ့ ၁၂၀ မမ လက်နက်ကြီးကျည်ဖြစ်ပြီး ဇူလိုင် ၅ ရက်ဒီနေ့လယ်ပိုင်းမှာတော့ မအေးစိုးရဲ့ရုပ်အလောင်းကို သင်္ဂြိုဟ်သွားမယ်လို့ ဆိုပါတယ်။ 

ရေဦးမြို့တိုင်းရင်းဆေးရုံရှိ စစ်ကောင်စီအထိုင်စခန်းမှာ အင်အား ၁၀၀ ခန့်ရှိပြီး ကျေးရွာတွေဘက်ကို မကြာခဏဆိုသလို လက်နက်ကြီးနဲ့ ပစ်ခတ်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။ 

ပြီးခဲ့တဲ့ဇွန် ၁၇ ရက်ကလည်း ရေဦးမြို့၊ တိုင်းရင်းဆေးရုံရှိ စစ်ကောင်စီအထိုင်တပ်စခန်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်တလုံးက ဖိန်းကားကျေးရွာအနီးရှိ စူပါဖိုက်ဆန်စက်ရုံထဲကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့်  အမျိုးသားတဦးသေဆုံးကာ အမျိုးသမီးတဦးဒဏ်ရာရရှိခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ရေဦး #လေးရွာ #အမျိုးသမီး #လက်နက်ကြီးထိမှန် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10