ရေဦးမှာ ပေါင်းအငှားလိုက်နုတ်တဲ့ အမျိုးသမီးတဦး လက်နက်ကြီးထိမှန်သေဆုံး

ရေဦးမှာ ပေါင်းအငှားလိုက်နုတ်တဲ့ အမျိုးသမီးတဦး လက်နက်ကြီးထိမှန်သေဆုံး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ပေါင်းအငှားလိုက်နုတ်နေရတဲ့ အမျိုးသမီးတဦး အောက်တိုဘာ ၃ ရက် ဒီမနက် ၉ နာရီကျော်မှာ စစ်ကောင်စီတပ်သားတွေပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသူမှာ သံသည်ကျေးရွာက အသက် ၃၉ နှစ်အရွယ် မခင်မျိုးမြင့်ဖြစ်ပြီး လက်နက်ကြီး ကျည်စတွေက ဦးခေါင်းနောက်စေ့ကို ထိမှန်ခဲ့တာလို့ဆိုပါတယ်။

“လက်နက်ကြီးစတွေက နားနောက်ဖက်ကနေ နောက်စေ့ကိုဖောက်ဝင်သွားတာ။ ပွဲချင်းပြီးသေတာ။ နောက်စေ့အသားတခြမ်းက ပွင့်ထွက်သွားလို့ ရှာမတွေ့ခဲ့ဘူး။ ဦးခေါင်းနောက်စေ့က ကွက်လပ်ဖြစ်သွားတယ်” လို့ သံသည်ကျေးရွာသား ကိုရွှေမန်းက ပြောပါတယ်။

မခင်မျိုးမြင့်မှာ နောက်ထပ်အဖော်အမျိုးသမီး ၁၁ ဦးနဲ့အတူ သံသည်ရွာအနောက်ဘက် ချောင်းဘောင် အနီးရှိလယ်ကွက်ထဲမှာ ပေါင်းအငှားနုတ်နေချိန် လက်နက်ကြီးကျည်က သူတို့အနီးကျရောက် ပေါက်ကွဲခဲ့တာပါ။ 

“ခင်မျိုးမြင့်က လယ်တကွက်တည်းမှာ တယောက်တည်းနုတ်နေတာ။ ကျန်တဲ့အဖော်တွေက သူနဲ့ပေ ၄၀ ကျော်ဝေးတဲ့ လယ်ကွက်တွေမှာနုတ်နေတာ။ အဲ့ဒီအချိန်မှာ ခင်မျိုးမြင့်ပေါင်းနုတ်နေတဲ့ လယ်ကွက်ထဲကို လက်နက်ကြီးတလုံး ကျရောက်ပေါက်ကွဲတာ။ သူနဲ့ လက်နက်ကြီးကျတဲ့နေရာက ပေ ၂၀ လောက်ဝေးတယ်” လို့ ကိုရွှေမန်းက ဆက်ပြောပါတယ်။

မခင်မျိုးမြင့်မှာ သားသမီး ၅ ဦးရှိပြီး လယ်သမားတွေဆီမှာပေါင်းအငှားနုတ်ကာ လုပ်ကျွေးနေသူတဦးလည်း ဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီက မြေပြင်ရော ဝေဟင်တို့ကနေပါ ရေဦးမြို့ပေါ်ကို စစ်အင်အားဖြည့်တင်းနေတာကြောင့် မခင်မျိုးမြင့်ရဲ့ ရုပ်အလောင်းကို မသင်္ဂြိုဟ်နိုင်သေးဘူးလို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ရေဦး #လက်နက်ကြီးပစ် #ဒေသခံသေဆုံး #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10