ရော်ဘာခြံမှာ အစေးခြစ်နေတဲ့ လူငယ် ၁ ဦး မြေမြှုပ်မိုင်းနင်းမိလို့ ခြေထောက်ပြတ်

ရော်ဘာခြံမှာ အစေးခြစ်နေတဲ့ လူငယ် ၁ ဦး မြေမြှုပ်မိုင်းနင်းမိလို့ ခြေထောက်ပြတ်

 

 

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့မှာ ရော်ဘာအစေးခြစ်နေတဲ့ လူငယ် ၁ ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်ပြတ်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မြေမြှုပ်မိုင်းထိသူမှာ မုန်းမြို့၊ အမှတ် ၄ ရပ်ကွက်နေ အသက် ၁၉ နှစ်အရွယ် မောက်ခက်စိုးဦး ဆိုသူဖြစ်ပြီး နိုဝင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ၎င်းအလုပ်လုပ်ရာ အမှတ် ၄ ရပ်ကွက်အစွန်ရှိ ရော်ဘာခြံအတွင်း အစေးခြစ်နေချိန် မိုင်းနင်းမိခဲ့တာလို့ ဆိုပါတယ်။

"ကျနော်တို့တွေ့တဲ့အချိန် ခြေထောက်ကပြတ်နေပြီ။ ဆေးကုဖို့ တောင်ငူအထိကို ဘေးတွဲဆိုင်ကယ်နဲ့ လာကြတာ။"လို့ တောင်ငူဒေသခံတဦးက ပြောပါတယ်။ 

မိုင်းထိတာကြောင့် အဆိုပါလူငယ်ဟာ ဘယ်ဘက်ခြေကျင်းဝတ်အထက်ကနေ ပြတ်တောက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ တောင်ငူဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

လူငယ်မိုင်းထိတဲ့နေရာဝန်းကျင်ဟာ စစ်ကောင်စီတပ်အပြင် တော်လှန်ရေးအဖွဲ့တွေပါ လှုပ်ရှားနေတဲ့နေရာဖြစ်လို့ ဘယ်အဖွဲ့အစည်းကထောင်တဲ့မိုင်းဆိုတာတော့ မသိရပါဘူး။

တော်လှန်ရေးတပ်တွေအနေနဲ့ စစ်ဆင်ရေးပြုလုပ်ရာမှာ မိုင်းကိုအသုံးပြုလေ့ရှိပေမယ့် စစ်ဆင်ရေးပြီးဆုံးချိန်မှာ မိုင်းတွေကို ပြန်လည်ရှင်းလင်းရေးလုပ်ဆောင်တယ်လို့ ပဲခူးရှေ့ခြမ်း တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောဆိုထားပါတယ်။

စစ်ကောင်စီတပ်တွေအနေနဲ့  ၎င်းတို့ စစ်ဆင်ရေးလှုပ်ရှားသွားလာရာ နေရာဒေသတွေမှာ တိုက်မိုင်း၊ ရှေ့ထွက်မိုင်းနဲ့ မြေမြှုပ်မိုင်း(နင်းမိုင်း)တွေကို အသုံးများပြီး မိုင်းပြန်လည်ရှင်းလင်းရာမှာ ရှေ့ထွက်မိုင်းနဲ့ တိုက်မိုင်းကိုသာ ပြန်ဖော်လေ့ရှိပြီး မြေမြှြပ်မိုင်း(နင်းမိုင်း) ကိုတော့ ပြန်မဖော်ဘဲ “စွန့်လွှတ်မိုင်း” အဖြစ်သာ ထားရှိတယ်လို့ CDM တပ်မတော်သား ဗိုလ်ကြီး ဇင်ယော် က ပြောဆိုပါတယ်။

အောက်တိုဘာ ၈ ရက်ကလည်း မုန်းမြို့၊ အမှတ် ၄ ရပ်ကွက်၊ မူလတန်းကျောင်းအနောက်ဘက် လှည်းလမ်းမှာ မြေတိုင်းဖို့သွားကြတဲ့ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရဲ့ မိသားစုဝင်တွေ မိုင်းထိလို့ ၃ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မုန်းမြို့ #အရပ်သား #နင်းမိုင်း #ခြေထောက်ပြတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10