ရဲစခန်းကိုပြန်လာတဲ့ ရဲတွေ လမ်းမှာစောင့်ပစ်ခံရလို့ စခန်းမှူးအပါ ၃ ဦး သေဆုံး

ရဲစခန်းကိုပြန်လာတဲ့ ရဲတွေ လမ်းမှာစောင့်ပစ်ခံရလို့ စခန်းမှူးအပါ ၃ ဦး သေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခန်းငယ်နဲ့ ပခန်းကြီးအကြား လမ်းပိုင်းတနေရာမှာ ရဲနဲ့စစ်ကောင်စီတပ်သားတွေ စောင့်ကြိုတိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးခဲ့တယ်လို့ Urban Underground Revolution Force (UURF-YSO) အဖွဲ့ဆီက သိရပါတယ်။

မေလ ၁၂ ရက် နေ့လယ် ၁၁ နာရီခန့်က ပခန်းကြီးကနေ ပခန်းငယ်ရဲစခန်းကိုပြန်လာတဲ့ ဆိုင်ကယ် ၂ စီးနဲ့ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် ၄ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ UURF-YSO တာဝန်ခံက ပြောပါတယ်။

“သူတို့ဘက်က ဆိုင်ကယ် ၂ စီး နဲ့ ၄ ယောက်ထွက်လာတာ၊ ကျနော်တို့ဘက်က ၅ ယောက်နဲ့ စောင့်ကြိုတိုက်ခိုက်ခဲ့တာ။ သူတို့က လက်ပစ်ဗုံးနဲ့ပစ်လို့ ရဲဘော် ၁ ယောက် အထိအခိုက်ရှိလို့ ဆုတ်ခွာခဲ့ရတယ်၊ ကျနော်တို့ဂန်း(သေနတ်)မကောက်နိုင်ခဲ့ဘူး” လို့ ပြောပါတယ်။

‌တိုက်ခိုက်မှုကြောင့် အသက် ၄၀ နှစ်ခန့် ပခန်းငယ်နယ်မြေရဲစခန်းမှူး ရဲအုပ် အောင်ဇင်မင်း၊ ရဲတပ်သား ၁ ဦး၊ စစ်သား ၁ ဦး သေဆုံးခဲ့ပြီး PDF ရဲဘော် ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်မှာတော့ ပခန်းငယ်နယ်မြေရဲစခန်းမှူးနဲ့အဖွဲ့ ချောင်းမြောင်းတိုက်ခိုက်ခံရလို့ စခန်းမှူးသေဆုံးပြီး ရဲ ၁ ဦးလည်း စိုးရိမ်ရဒဏ်ရာရရှိတယ်လို့ ဖော်ပြထားပါတယ်၊

တိုက်ခိုက်မှုကို Urban Underground Revolution Force (UURF-YSO) နဲ့ ပခုက္ကူမြို့ပြပြောက်ကျားအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပုံစာ - ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလအတွင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပခန်းငယ်ရဲစခန်းကို တိုက်ခိုက်စဉ်။

စာတည်း-ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10