ရဲစခန်းနဲ့ စစ်ကူလာတဲ့ပျူအဖွဲ့ တိုက်ခိုက်ခံရလို့ ၃ ဦးခန့်သေဆုံး၊ အရာရှိ ၁ ဦးအပါ ၈ ဦးထိခိုက်ဟုဆို

ရဲစခန်းနဲ့ စစ်ကူလာတဲ့ပျူအဖွဲ့ တိုက်ခိုက်ခံရလို့ ၃ ဦးခန့်သေဆုံး၊ အရာရှိ ၁ ဦးအပါ ၈ ဦးထိခိုက်ဟုဆို

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်ရှိ တောင်ခင်ရန်းရဲစခန်းတိုက်ခိုက်ခံရပြီး စစ်ကူလာတဲ့ ပျူအဖွဲ့ပါ ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးကာ အရာရှိ ၁ ဦးအပါအဝင် ၈ ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

မေလ ၂၅ ရက်မနက် ၉ နာရီကနေ ညနေ ၄ နာရီလောက်အထိ စစ်ကောင်စီတပ်သားနဲ့ ရဲအင်အား ၇၀ လောက်ရှိတဲ့ တောင်ခင်ရန်းရဲစခန်းကို ၆၀ မမတွေနဲ့ အဆက်မပြတ်တိုက်ခိုက်ခဲ့တယ်လို့ ABSDF Column - 3 တာဝန်ခံ ကိုရွှေကျီးကပြောပါတယ်။

"ဒီဘက်က ပူးပေါင်းအဖွဲ့တွေက ကိုက် ၃၀၀ ဝန်းကျင်လောက်နေ လက်နက်ကြီးတွေနဲ့ ပစ်ခဲ့တာ။ သူတို့စခန်းတိုက်ခံရလို့ မြောက်ခင်ရန်းဘက်က ပျူတွေကလည်း စစ်ကူလာတာကို လမ်းကနေဖြတ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ သူတို့လာမှာသိလို့ အဖွဲ့ခွဲပြီး စောင့်နေခဲ့တာ။ ရဲစခန်းက အဖွဲ့တွေက ဒေသခံတွေကို နည်းလမ်းပေါင်းစုံ ဒုက္ခပေးနေတာဆိုတော့ တိုက်မှဖြစ်တော့မယ်ဆိုပြီး တိုက်တာ"လို့ ပြောပါတယ်။

တောင်ခင်ရန်းရဲစခန်းကို တိုက်ခိုက်ချိန် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး၊ အရာရှိ ၁ ဦး ခြေထောက်ထိမှန် ဒဏ်ရာရသွားတာကို ဒေသခံတွေရဲ့ ပြန်လည်ပြောပြချက်အရ သိရတယ်လို့ ဆိုပါတယ်။

ရဲစခန်းကိုတိုက်ခိုက်ချိန် စစ်ကောင်စီဘက်က RPG၊ ၄၀ မမ၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ပူးပေါင်းအဖွဲ့ဘက်က ထိခိုက်တာမရှိဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့မနက် ၁၀ နာရီလောက်မှာတော့ မြောက်ခင်ရန်းကျေးရွာဘက်ကနေ တောင်ခင်ရန်းရဲစခန်းကို ကား ၄ စီးလောက်နဲ့စစ်ကူလာတဲ့ ပျူအင်အား ၁၀၀ လောက်ကို ရွှေဘို-သင်းတောရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစီးထိမှန်ပြီး ပျူ ၇ ဦးဒဏ်ရာရသွားခဲ့တာလည်း ဖြစ်ပါတယ်။ 

ဒီတိုက်ခိုက်မှုတွေကို ABSDF Column - 3၊ အမှတ် ( ၁၂ ) တပ်ရင်း၊ ယောဒေသစခန်းနဲ့ ဒေသခံ PDF တပ်ဖွဲ့အချို့၊ သင်တော ပကဖ၊ ဟံသာဝတီ ပကဖအပါအဝင် ပကဖ အဖွဲ့အချို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။

တိုက်ပွဲဖြစ်ပွားချိန်မှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်နေလို့ တောင်ခင်ရန်းကျေးရွာသား ၂၀၀ ကျော်ဟာ ဘေးလွတ်ရာကို တိမ်းရှောင်သွားရတယ်လို့ သိရပါတယ်။

မတ်လ ၃၁ ရက်ကလည်း ဂန့်ဂေါမြို့နယ်၊ ကန်ရွာနယ်မြေရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ သေနတ် ၆ လက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကောင်စီနဲ့ ရဲအဖွဲ့ဝင်တွေ အများအပြားသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

 

စာတည်း - လင်း

#မြေလတ်အသံ 

#မကွေး #တောင်ခရန်းရဲစခန်း #တိုက်ခိုက် #ပျူစောထီး #သေဆုံး #ထိခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10