ရဲတပ်ကြပ် ၁ ဦး နယ်ထိန်းခေါင်းဆောင်ရဲ့သေနတ်ကိုခိုးပြီး အလင်းဝင်လာ

ရဲတပ်ကြပ် ၁ ဦး နယ်ထိန်းခေါင်းဆောင်ရဲ့သေနတ်ကိုခိုးပြီး အလင်းဝင်လာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့မရဲစခန်းက ရဲတပ်ကြပ် ၁ ဦးဟာ တာဝန်အတူကျတဲ့ နယ်ထိန်းခေါင်းဆောင်ရဲ့ခြောက်လုံးပြူးသေနတ်ကို ခိုးယူပြီး အခြားလက်နက်ခဲယမ်းတွေပါယူကာ အလင်းဝင်လာခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

အလင်းဝင်လာသူဟာ မြိုင်မြို့မရဲစခန်းက အသက် ၃၃ နှစ်အရွယ် ရဲတပ်ကြပ်ကျော်လင်းဖြစ်ပြီး အောက်တိုဘာ ၇ ရက် ညနေ ၂ နာရီခွဲလောက်မှာ မြိုင်ပကဖအဖွဲ့ဝင်တွေကို ချိတ်ဆက်ပြီး အလင်းဝင်လာခဲ့တာလို့ ဆိုပါတယ်။ 

“သူနဲ့က အချိတ်အဆက်မရှိဘူး။ မနက် ၁၀ နာရီခွဲမှ ကျနော်တို့ဆီချိတ်ဆက်ပြီး အလင်းဝင်လာတာ၊ မြို့အထွက်မှာ ကျနော်တို့အဖွဲ့သွားကြိုရတယ်။ သူအလင်းဝင်လာတဲ့အကြောင်းက အဲ့ဒီအထဲမှာ မနေချင်တော့ဘူးပဲပြောတယ်၊ အပြင်လည်းသွားလို့ လာလို့မရဘူး၊ နေ့တိုင်းစခန်းထဲမှာနေနေရတော့ စိတ်ညစ်လို့ထွက်လာတာ” လို့မြိုင်ပကဖခေါင်းဆောင် ဗိုလ်လက်ယာက ပြောပါတယ်။ 

ရဲတပ်ကြပ် ကျော်လင်းနဲ့အတူ အလင်းဝင်လာချိန်မှာ G4 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကျည် ၂၄၈ တောင့်၊ ခြောက်လုံးပြူးသေနတ် ၁ လက်၊ ကျည် ၁၅ တောင့်၊ လက်ပစ်ဗုံး ၂ လုံးတို့ကိုယူလာခဲ့တယ်လို့ ဆိုပါတယ်။ 

သူဟာ တပ်မ ၈၈ လက်အောက်မှာ ၃ နှစ်လောက်တာဝန်ထမ်းဆောင်ခဲ့ပြီးမှ ရဲဘက်ကို ပြောင်းရွေ့ လာခဲ့တာလို့လည်း ဆိုပါတယ်။ 

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄၊ အောက်တိုဘာ ၈ ရက်အထိ မြိုင်ပကဖဆီကို အလင်းဝင်လာသူ စုစုပေါင်း ၆၁ ဦးရှိပြီး အဲ့ဒီထဲမှာ ၃၁ ဦးကတော့ လက်နက်တွေပါလာခဲ့တယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #မြိုင် #အလင်းဝင် #လက်နက်ပါ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10