ရဲတပ်သား ၁ ဦး လက်နက်နဲ့အတူ ဖမ်းဆီးရမိထားကြောင်း ပခုက္ကူပကဖ ထုတ်ပြန်လာ

ရဲတပ်သား ၁ ဦး လက်နက်နဲ့အတူ ဖမ်းဆီးရမိထားကြောင်း ပခုက္ကူပကဖ ထုတ်ပြန်လာ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကျပ်ထိုးနယ်မြေရဲစခန်းက ရဲတပ်သားတဦးကို လက်နက်ခဲယမ်းတွေနဲ့ အတူ ဖမ်းဆီးရမိထားတယ်လို့ ပခုက္ကူမြို့နယ်ပကဖက အောက်တိုဘာ ၂၀ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။

ဖမ်းဆီးရမိသူဟာ မြစ်ခြေ-ကံမလမ်းပိုင်းရှိ ကျပ်ထိုးရွာနယ်မြေရဲစခန်းမှ အသက် ၂၃ နှစ်အရွယ် ရဲတပ်သား ရီဝေယံ ဖြစ်ပြီး အဆိုပါ ရဲတပ်သားကို စက်တင်ဘာ ၂၆ ရက်က ဖမ်းဆီးရမိခဲ့တာဖြစ်ကာ စစ်သုံ့ပန်းဥပဒေနဲ့အညီ ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။

" ဖမ်းဆီးရမိထားတာတော့ ကြာပါပြီ။ အကြောင်းအမျိုးမျိုးကြောင့် မထုတ်ပြန်ဖြစ်တာပါ။ ကောင်းမွန်စွာ ထိန်းသိမ်းထားပါတယ်။ စစ်သုံ့ပန်းဥပဒေအရပဲ ထားမှာပါ" လို့  ပခုက္ကူမြို့နယ်ပကဖတာဝန်ရှိသူ ကိုဇင်ယော်က ပြောပါတယ်။

ကျပ်ထိုးရဲစခန်းကနေ ကမ္မမြို့ဘက်ကို အရပ်ဝတ်နဲ့ တဦးတည်း စျေးဝယ်ထွက်လာတဲ့ အဲ့ဒီရဲတပ်သားကို ပကဖအဖွဲ့ဝင်တွေက ကင်းပုန်းဝပ် ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိချိန်မှာ BA 63 (G 3) သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခုနဲ့ ၇.၆၂ မမ ကျည် အတောင့် ၇၀ ခန့်ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိရဲတပ်သားကို  လုံခြုံစိတ်ချရတဲ့နေရာတခုကို ပြောင်းရွှေ့ပြီး စစ်သုံ့ပန်းအဖြစ် ဆက်လက်ထိန်းသိမ်းထားရှိသွားမယ်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ်၊ ဇွန်လထဲမှာလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ကျပ်ထိုးနယ်မြေရဲစခန်းကို သွားရောက်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့သေးတယ်လို့ PDF တွေဘက်က ထုတ်ပြန်ထားပါသေးတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပခုက္ကူ #ကျပ်ထိုး #နယ်မြေရဲစခန်း #ရဲတပ်သား #ဖမ်းဆီးရမိ #PDF #စစ်သုံ့ပန်း #ထိန်းသိမ်းထား #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10