ရဲဒုတပ်ကြပ်အပါ ၂ ဦးကို ရေစကြိုပကဖ ဖမ်းဆီး၊ ပြန်ခုခံလို့ပစ်ခတ်ရာ ဒုတပ်ကြပ်သေဆုံး

ရဲဒုတပ်ကြပ်အပါ ၂ ဦးကို ရေစကြိုပကဖ ဖမ်းဆီး၊ ပြန်ခုခံလို့ပစ်ခတ်ရာ ဒုတပ်ကြပ်သေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးမြို့ရဲစခန်းက ရဲဒုတပ်ကြပ်တဦးနဲ့ ရဲတပ်သားတဦးကို ရေစကြို ပြည်သူ့ကာကွယ်ရေးအဖွဲ့က အရှင်ဖမ်းမိခဲ့ပေမယ့် ပြန်လည်ခုခံတဲ့အတွက် ပစ်ခတ်ရာ ရဲဒုကြပ်သေဆုံးပြီး ရဲတပ်သားက လွတ်သွားတယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။ 

အောက်တိုဘာ ၁၄ ရက် ညနေ ၃ နာရီခွဲလောက်မှာ ပခန်းကြီးမြို့၊ ကျောင်းတော်ကြီးအနီးရှိ ဘီယာဆိုင်ကနေ ထွက်လာတဲ့ အဆိုပါရဲတပ်ဖွဲ့ဝင် ၂ ဦးကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ 

“ဒီကောင်တွေကို ဆိုင်ကယ်ပေါ်တင်တာမှာ ကျနော်တို့ဆီက လက်နက်လုပြီး ပြန်လည်ခုခံတဲ့အတွက်ကြောင့် ၂ ယောက်လုံးကို ပစ်ခတ်ရှင်းလင်းတာ၊ တယောက်ကတော့ ဒဏ်ရာနဲ့ထွက်ပြေး လွတ်မြောက်သွားတယ်” လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ 

ပစ်ခတ်မှုကြောင့် ပခန်းကြီးနယ်မြေရဲစခန်းက ရဲဒုတပ်ကြပ် နိုင်လင်း သေဆုံးခဲ့ပြီး 110 ဆိုင်ကယ် ၁ စီး၊ ဖုန်း ၁ လုံးနဲ့ စာအုပ်စာတမ်းအချို့ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက် ညကလည်း ရေစကြိုမြို့နယ် မြို့မရဲစခန်းကို ရေစကြိုပြည်သူ့ကာကွယ်ရေးအဖွဲ့က အနီးကပ်သွားရောက်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။ 

ပုံစာ - ရဲဒုတပ်ကြပ်ထံမှ သိမ်းဆည်းရမိသည့် ဆိုင်ကယ်နှင့်ပစ္စည်းအချို့။

စာတည်း - လင်း 

#မြေလတ်အသံ 

#မကွေး #ရေစကြို #ပခန်းကြီး #ဖမ်းဆီး #ခုခံ #လွတ်မြောက် #သေဆုံး #သတင်း #ရဲဒုတပ်ကြပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10