ရဲဘော်တွေရဲ့ လယ်တောအကူ

ရဲဘော်တွေရဲ့ လယ်တောအကူ

အညာဆောင်းမနက်ခင်း ၆ နာရီဝန်းကျင်။ 

တဧကနီးပါးကျယ်တဲ့ လယ်ကွက်ထဲက နေရာတခုမှာ ဦးလေးကြီး ၂ ယောက်က မိုးကာစ(တာလပတ်)ကို ဖြန့်ခင်းပြီး လူငယ် ၄ ယောက်က ခါးလောက်ထိအမြင့်နဲ့ ၅ ပေနီးပါး ရှည်တဲ့ ဝါးကုတင်တခုကိုသယ်ယူကာ မိုးကာစအခင်းရဲ့ အလယ်မှာ နေရာချလိုက်ကြပါတယ်။ လူငယ်တချို့က မတ်တပ်ရပ်ကာ နေရာချပြီးတာကို စောင့်နေကြပါတယ်။

ဘေးပတ်ပတ်လည်က လယ်ကွင်းထဲမှာလည်း မှည့်နေတဲ့ စပါးပင်တွေကို အောက်ခြေကနေရိတ်ကာ ၆ လက်မပတ်လည် အစည်းလေးတွေစည်းပြီး တပုံစီ အခြောက်ခံထားတဲ့ ကောက်လှိုင်းထုံးလေးတွေက လယ်ကွင်း အပြည့်။

အညာဆောင်းရာသီမို့ ကောက်လှိုင်းထုံးတွေပေါ်မှာ နှင်းစက်လေးတွေက တွဲလဲခိုနေကြတယ်။ စပါးပင်အနံ့တွေ၊ လယ်ကွက်ထဲက ရွံ့နံ့သင်းသင်းနဲ့ နှင်းစက်တွေကြောင့် စိုစွတ်စွတ် မှိုင်းထိုင်းထိုင်း အနံ့တွေကလည်း တခါတခါ နှာခေါင်းထဲကို အလုအယက်ဝင်လာတတ်တယ်။ လယ်ကွင်းတခုလုံးကို လှည့်ပတ်ကြည့်လိုက်ရင် အညာဆောင်းဟာ လွမ်းစရာတမျိုး ကောင်းလှပါတယ်။

စပါးပုတ်နေချိန်မှာ စပါးခွံတွေကြောင့် အသားတွေစပ်ကာ ယားယံကြပြီး အလုပ်သိမ်းလို့ စခန်းကိုပြန်ရောက်ချိန် ဘယ်လောက် နောက်ကျကျ ရေမဖြစ်မနေချိုးကြရပါတယ်။ နောက်တနေ့ မိုးလင်းရင်တော့ ခန္ဓာကိုယ်မှာ မိတ်ဖုလို အဖုလေးတွေထွက်လာကာ စပါးပုတ်ပြီးလို့ ၃ ရက်လောက်ထိကို ယားယံနေတတ်ပါတယ်။ 

ဒါကြောင့် လယ်ကွင်းထဲက လူငယ်တွေဟာ လူတိုင်းစေ့ လက်ရှည်အင်္ကျီတွေဝတ်ကာ ခမောက်ဆောင်းသူက‌ ဆောင်း ၊ တဘတ်စောင်ကို ခေါင်းပေါင်းသူကပေါင်း၊ တချိူ့ကလည်း ပုဆိုးကို တကိုယ်လုံးခြုံကာ မျက်နှာတခုပဲ ဖော်ထားပြီး ခန္ဓာကိုယ်ကို အပြည့်အဝကာကွယ်ထားကြတယ်။ ဒါကတော့ စပါးပုတ်၊ စပါးခြွေဖို့ ပြင်ဆင်နေကြတဲ့ အညာက တော်လှန်ရေးရဲဘော်လေးတွေပဲ ဖြစ်ပါတယ်။ 

စပါးပုတ်အလုပ်သမားခေါ်ရင် ပိုက်ဆံနဲ့ခေါ်ကြပေမယ့် ရဲဘော်တွေ လိုက်ပုတ်ရင်တော့ လယ်ရှင်ရဲ့ ဆန္ဒပေါ်မူတည်ပြီး ဆန် ၁တင်း၊ ၁ တင်းခွဲ စသဖြင့် ပြန်ရကြကာ လယ်ရှင်လည်းအလုပ်ပြီး တပ်ဖွဲ့အတွက် ရိက္ခာလည်းရတာမို့  ၂ ဦး ၂ ဖက် အဆင်ပြေကြပါတယ်။ တချို့လယ်ရှင်တွေကတော့ လယ်ပုတ်အငှားခေါ်ပြီး ပိုက်ဆံပေးရမယ့်အစား ရဲဘော်တွေကိုပဲ ပေးချင်လို့ဆိုပြီး လာခေါ်ကြတာတွေလည်း ရှိပါတယ်။

တပ်ရင်းမှာက ဆန်တတင်းအိတ် တအိတ်ကို ၅ ရက်လောက်စားရပါတယ်။ အခုလို စပါးပုတ်ကာလမှာ ပြန်ရမယ့် ဆန်က တလနီးပါးစာလောက် ဖူလုံတာကြောင့် ပြည်သူတွေကိုလည်း ကူညီရာရောက်၊ တပ်ဖွဲ့အတွက် စားဝတ်နေရေးလည်း ပြေလည်နဲ့ တကယ့်ကို အဆင်ပြေတဲ့ ကာလပါ။

ရွာသားအများစုက ရဲဘော်တွေကို ခေါ်ပြီး အလုပ်ပေးရမှာ အားနာတဲ့အတွက် စပါးပေါ်ရင်သာ ဆန်လှူမယ်လို့ ပြောဆိုကြပေမယ့် ရဲဘော်တွေဘက်ကလည်း လုပ်အားအကူပေးခြင်းကြောင်း တောင်းဆိုတဲ့အတွက် အခုလို စပါးပုတ်ကာလမှာ ရဲဘော်တွေကို ခေါ်ကြတာလည်း ဖြစ်ပါတယ်။

တခြားလယ်ကွက်တွေမှာတော့ မနက် ၇ နာရီလောက်ထဲက စပါးပုတ်တာ တဝက်ကျိုးနေပေမယ့် စစ်ရေးမှာသာ ကျွမ်းကျင်ပြီး လယ်တောအလုပ်နဲ့ဝေးတဲ့ ရဲဘော်တွေရဲ့လယ်ကွက်မှာတော့ မနက် ၈ နာရီထိုးတဲ့အထိ နေရာ ပြင်ဆင်လို့ မပြီးသေးလို့ ညဘက် မီးထိုးပြီး ဆက်ပုတ်ရမလား၊ လယ်တောထဲမှာ အိပ်ရတော့မလားနဲ့ အလုပ်မစခင်ကတည်းက ရယ်‌သံတွေ စကြားနေရပါတော့တယ်။

စပါးပုတ်တယ်ဆိုတာ ရင့်မှည့်နေတဲ့ စပါးပင်တွေကို ရိတ်ကာ လက်တပွေ့ ဒါမှမဟုတ် ၆ လက်မခန့်ပတ်လည် စပါးထုံးလေးတွေစည်းကာ လယ်ကွင်းထဲမှာပဲ ၃ ရက်ခန့် အခြောက်ခံကာ နေလှန်းထားရပါတယ်။ 

အဲဒီနောက်မှာတော့ လယ်ကွင်းထဲမှာ တာလပတ်ကျယ်ကျယ်ခင်းကာ တာလပတ်ရဲ့အလယ်မှာ ဝါးနဲ့လုပ်ထားတဲ့ အလျား ၆ ပေ အနံ ၃ ပေလောက်မြင့်တဲ့ စင်တခုကိုထားကာ အဲ့ဒီခုံပေါ်ကို စပါးပင်အခြောက်တွေကို ရိုက်ချရပါတယ်။ ဒါက စပါးစေ့ကြွေအောင် ခြွေချရတာပဲ ဖြစ်ပါတယ်။

တချို့လယ်တွေမှာတော့ ရာသီဥတုအခြေနေမကောင်းရင် ဒီနေ့ ရိတ်၊ မနက်ဖြန် စပါးခြွေတတ်ကြတယ်။ တချို့လယ်ရှင်တွေကလည်း ၂ ရက်၊ ၃ ရက် စသဖြင့်  နေလှန်းပြီးမှ ချွေကြပါတယ်။ နေလှန်းရက် ကြာသွားရင်လည်း စပါးတွေက လယ်ကွင်းထဲတင် ကြွေကျကုန်တာမို့ အလွန်ဆုံး ရိတ်သိမ်းပြီး ၄ ရက်ထိသာ နေလှန်းကြပါတယ်။

စပါးရိတ်ချိန်က မနက်ခင်း နှင်းမကွဲခင် မနက် ၅ နာရီခွဲ၊ ၆ နာရီလောက်ထဲက ရိတ်ကြပြီး စပါးပုတ်ချိန်ကတော့ မနက် ၇ နာရီ ဝန်းကျင် နှင်းကွဲလို့ နေထွက်ချိန်မှသာ သွားပုတ်တတ်ကြပါတယ်။ မနက်အစော နှင်းစိုနေချိန် စပါးပုတ်ရင် စပါးကြွေတာနည်းပြီး စပါးတထုံးကို ၄ ချက်၊ ၅ ချက်ရိုက်မှ စပါးစေ့အကုန်ကြွေတာပါ။ နေပူပြီး စပါးပင်တွေ ခြောက်နေရင်တော့ စပါးတထုံးကို ၃ ချက်လောက် ရိုက်ရုံနဲ့ စပါးစေ့ အကုန်ကြွေတာကြောင့် နေပူလေ စပါးပုတ်လို့ ကောင်းလေပဲဖြစ်ပြီး လူလည်း သက်သာပါတယ်။

စပါးမပုတ်ခင် ရဲဘော်တဝက်က လယ်ကွင်းထဲက ရေလွတ်၊ ရွံ့လွတ်တဲ့ မြေအမာပေါ်မှာ တာလပတ်ခင်းပြီး ပုတ်စဉ်ကို နေရာချ၊ ရဲဘော်တဝက်ကလည်း လယ်ကွင်းထဲမှာ အခြောက်လှန်းထားတဲ့ စပါးထုံးတွေကို သယ်ကာ တာလပတ်အခင်းရဲ့ ပတ်လည်မှာ ပုံထားကြတယ်။ ဒါက စပါးပုတ်မယ့်သူတွေ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပေးထားကြတာပါ။ 

လယ်ကွက်အကျယ်ပေါ် မူတည်ပြီး လယ်တကွက်ကို ရဲဘော် ၇ ယောက်ကနေ ၁၅ ယောက်ထိ ပုတ်ကြပြီး စပါးပုတ်မယ့် ရဲဘော်တွေကို ပုံသေထားကာ အလှည့်ကျပုတ်ကြပြီး ကျန်ရဲဘော်တွေကတော့ အလှည့်ကျနဲ့ စပါးသယ်ကြရပါတယ်။

စပါးသယ်တဲ့သူရော ပုတ်တဲ့သူရော ပင်ပန်းကြပေမယ့် စပါးပုတ်(စပါးရိုက်)တဲ့သူတွေကတော့ စပါးရိုက်တဲ့ အချက်ရေတိုင်း စပါးထုံးကိုကိုင်ကာ အားအပြည့်နဲ့ လက်ကိုမြှောက်ပြီး ရိုက်ချနေရတဲ့အတွက် ပိုပင်ပန်းကြပါတယ်။

ခုံရှည်တခုပေါ်မှာ မျက်နှာချင်းဆိုင် စပါးပုတ်ရတာမို့ တဖက်လူက အားနဲ့ရိုက်ချပြီး ခြွေလိုက်တဲ့ စပါးစေ့က မျက်နှာချင်းဆိုင်က လူကို မှန်ကာ ဒဏ်ရာရတာတွေလည်း ရှိတာကြောင့် စပါးထုံးကို ရိုက်ချိန် မျက်နှာကို အောက်ငုံ့ကာ ရိုက်မှသာ အဆင်ပြေတာ ဖြစ်ပါတယ်။ မဟုတ်ရင်တော့ တဖက်လူဆီက လွင့်လာတဲ့ စပါးစေ့က တခြားသူရဲ့ လည်ပင်း၊ မျက်စိ၊ ပါးတို့ကို အရှိန်နဲ့ လွင့်စင်ပြီး မှန်တတ်ပါတယ်။

စပါးသယ်တဲ့သူတွေကလည်း ရွံ့တွေ ရေတွေမရှိတဲ့ လယ်ကွင်းဆို သယ်ရတာ သက်သာပေမယ့်၊ ရွံ့နွံရှိတဲ့ လယ်ကွက်နဲ့ တိုးရင်တော့ ၆ လက်မပတ်လည် စပါးထုံး ၈ ထုံးလောက်မှ ဆန်တပြည်စာလောက်တောင် မလေးပေမယ့် ရွံ့နွံကို ရုန်းနေရတာမို့ စပါးတခါသယ်ရုံနဲ့ ချွေးစို့ကာ မောကြရပါတယ်။

တချို့လယ်ကွက်တွေဆိုရင်ဝောာ့ ရွံ့နွံက ခြေသလုံးအထိ မြုပ်လို့ တခါလှမ်းပြီးတိုင်း ခြေထောက်က ရွံ့ထဲကို နစ်ဝင်သွားတာကြောင့် နောက်တလှမ်းပြန်လှမ်းမယ်ဆိုရင်တော့ ခြေထောက် ၂ ဖက်လုံးက ရွံ့ထဲကနေ ပြန်ထုတ် မရဖြစ်နေကြလို့ စပါးထုံးကို ပခုံးပေါ်က ပြန်ချပြီး ခြေထောက်တွေကို အရင်ထုတ်ပြီးမှ စပါးထုံးကို ပြန်မ ရပါတယ်။ နောက်တခါလှမ်းမယ်လို့ လုပ်လိုက်ချိန်မှာလည်း ရွံ့ကပြန်နစ်သွားပြန်လို့ စပါးထုံးကြီးတွေကို ပိုက်ကာ အချင်းချင်း ကြည့်ပြီးသာရယ်နေရပါတော့တယ်။

စပါးပုတ်လိုက်ချိန် အပျော်ဆုံးက နေ့လယ်စာ စားချိန်ပါ။ ဘာလို့ဆို အိမ်ထမင်း အိမ်ဟင်း လက်ရာကောင်းကောင်း စားရတာကိုး။ ဝက်သား၊ အမဲသား၊ ပဲဟင်း ဟင်းအမယ်အစုံနဲ့ တချို့လယ်ဆို အတို့အမြှုပ်အရွက်စုံနဲ့ ငါးပိချက်က ပါလိုက်သေး။ လယ်ရှင်တွေကလည်း ရဲဘော်တွေ စပါးပုတ်တာကြောင့် ဟင်းကောင်းတွေကိုပဲ တမင်ချက်ကျွေးကြဟန် တူပါတယ်။ 

စခန်းမှာက လူအများစာချက်ရတာကြောင့် လောက်ငှအောင် ဘာဟင်းချက်ချက် ဆီ၊ ဆား၊ အချိုမှုန့် ထည့်ပြီး ရေများများနဲ့သာ ချက်ကြကာ အာလူးချက်လည်း အရည်ကျဲ၊ ခရမ်းချဉ်သီးချက်လည်း အရည်ကျဲ၊ အလှူရှင်ပေါ် လို့ အသားဟင်းချက်လည်း အသားနည်းနည်း အရည်များများသာ ချက်ကြပါတယ်။

ချက်တဲ့သူတွေကလည်း  အိမ်မှာနေတုန်းက မီးဖိုချောင် ဘယ်နားမှန်းတောင် မသိတဲ့ ရဲဘော်တွေချည်း ချက်ကြတာဆိုတော့ အခုလယ်တောထဲမှာ စားရတဲ့ အိမ်ချက်နေ့လယ်စာက နတ်သုဒ္ဓါပါပဲ။ ဒါ့ကြောင့်လည်း ပင်ပန်းပေမယ့် စပါးပုတ်ပဲ ပတ်လိုက်နေချင်တဲ့ ရဲဘော်တွေကလည်း အများသား။

စပါးပုတ်လိုက်ချိန် အရယ်ရဆုံးကတော့ ရဲဘော်တွေကိုငှားတဲ့ လယ်ကွက်ဆို လယ်ပိုင်ရှင်လည်းမနားရဘဲ ကိုယ်တိုင်ဝင်ပုတ်ရတယ်။ ရွာထဲမှာ လယ်ပုတ်အငှားခေါ်ရင် လယ်ပိုင်ရှင်က အလုပ်ပြီးတဲ့ထိ လှည့်ကြည့်စရာ မလိုပေမယ့် ရဲဘော်တွေပုတ်တဲ့ လယ်ကွက်မှာတော့ လယ်ရှင်လည်း ဝင်ပုတ်ရ၊ ရဲဘော်တွေ အဆင်ပြေလား လာမေးတဲ့သူတွေလည်း ဝင်ပုတ်ရနဲ့ ရယ်လည်း ရယ်ရ၊ ပျော်လည်း ပျော်ရပေါ့။

တောင်သူတွေ ကိုယ်တိုင်ပုတ်တဲ့ လယ်ကွက်တွေမှာတော့ စပါးပုတ်သံကလွဲလို့ မကြားရပေမယ့် ရဲဘော်တွေ ပုတ်တဲ့ လယ်ကွက်မှာတော့ စပါးပုတ်ရင်း စပါးစိမှန်လို့ အော်တဲ့အသံ၊ မပုတ်တတ်ဘဲ ဝင်ပုတ်ပြီး အဆူခံရတဲ့ အသံ၊ စပါးထုံးသယ်ရင်း ရွံ့နစ်နေလို့ အော်ငြီးနေသံတွေနဲ့ ဆူညံနေပြီး အဲဒီအချိန် ရဲဘော်တယောက်ယောက်ကများ လယ်တောသီချင်းတပုဒ်လောက် ဆိုငြီးမိလိုက်ရင် “အမယ် ငါတို့က တကယ့်‌တောင်သူကြီး တွေကျလို့” ဆိုပြီး ပွဲကျကာ အော်ရယ်သံတွေနဲ့ ဆူညံလို့ နေလေရဲ့။

အချင်းချင်းစနောက်လိုက် အလှည့်ကျအလုပ်လုပ်လိုက်နဲ့  ၂ ဧကရှိတဲ့ လယ်တကွက်ကို မနက် ၇ နာရီကျော်က ပုတ်တဲ့စပါးဟာ ညနေ ၅ နာရီဝန်းကျင်မှာ ပြီးပါတယ်။ 

စပါးအားလုံး ပုတ်(စပါးခြွေ)ပြီးရင်တော့ စပါးစေ့ထဲမှာပါတဲ့ ကောက်ရိုးစ၊ အမှိုက်စတွေကို ဖယ်ကာ ၂ တင်းခွဲ ဆံ့တဲ့ ပီနံအိတ်ထဲကို တင်းတောင်းနဲ့ စပါးကြုံးထည့်ကြပြီး ဒီလယ်တကွက်မှာ ဆန်ဘယ်နှအိတ်ထွက်လည်းဆိုတာ ရေတွက်ကြရပါတယ်။ လယ်ကွက်ပေါ်မူတည်ပြီး စပါးအိတ် ၆၀၊ ၇၀ ရကာ ရတဲ့စပါးအိတ် အရေတွက် ပေါ်မူတည်ပြီး ကိုယ့်လုပ်ရည်ကိုင်‌ရည် ကိုယ်ပြန်ပြီး ဂုဏ်ယူကြရပါသေးတယ်။

၂ တင်းခွဲဆံ့တဲ့ စပါးတအိတ်ကို ဆန်ပြန်ကြိတ်ရင် ၁ တင်းနီးပါးသာ ပြန်ရပြီး စပါးကောင်းတယ်၊ မကောင်းဘူး ဆိုတဲ့အပေါ် မူတည်ကာ စပါး ၂ တင်းခွဲကို တတင်း၊ တတင်းနီးပါး စသဖြင့် ရကြပါတယ်။ ပိုးဝင်တဲ့ လယ်ခင်းဆို အရင်းအနှီးများသလောက် စပါးအထွက်နည်းလို့ အရှုံးပေါ်ကြတယ်။ လယ်သမားတွေကတော့ အရှုံးပေါ်လည်း ဝမ်းစာအတွက် လည်ပတ်အောင် စိုက်ပျိုးနေကြရဆဲပါပဲ။

အလုပ်တွေ အကုန်ပြီးစီးပြီလို့ ပြောလို့ရချိန်မှာတော့ ညနေ ၆နာရီလောက် ရှိပြီဖြစ်ကာ တခြားလယ်ကွက်တွေမှာလည်း စပါးသယ်သူတွေ၊ နွားလှည်းနဲ့ အိမ်ပြန်သူတွေနဲ့မို့ ရွာလမ်းမကြီးက စည်ကားနေပါတော့တယ်။ 

ပတ်ဝန်းကျင်ကလည်း နေအလင်းရောင် ဖျော့‌လာကာ အညာဆောင်းရဲ့ ချမ်းစိမ့်စိမ့်အရသာကို ခံစားရင်း ဘာကိုလွမ်းလို့ လွမ်းမှန်းမသိတဲ့ ခံစားချက်တွေကိုယ်စီနဲ့ စခန်းရှိရာဆီသို့ ပြန်လာကြပါတော့တယ်။

#မြေလတ်အသံ

#ဆောင်းပါး #အညာဆောင်း #လယ်တော #စပါးရိတ် #စပါးပုတ် #တော်လှန်ရေး #ရဲဘော် 

#အညာ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10