ရဲဘော်တွေ စိတ်အပန်းပြေဖို့နဲ့ ပိုစည်းလုံးဖို့ ဘောလုံးပြိုင်ပွဲကျင်းပပေး

ရဲဘော်တွေ စိတ်အပန်းပြေဖို့နဲ့ ပိုစည်းလုံးဖို့ ဘောလုံးပြိုင်ပွဲကျင်းပပေး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ရွှေဘိုခရိုင်တပ်ရင်း ၁၂ ရဲ့ တံခွန်စိုက်ဖလား ဘောလုံးပြိုင်ပွဲကို တပ်ရင်းတခုလုံးက ရဲဘော်တွေနဲ့အတူ ကျင်းပခဲ့ပြီး  တပ်ရင်းသီးသန့် အားကစားပြိုင်ပွဲကျင်းပတာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ သိရပါတယ်။

ဘောလုံးပြိုင်ပွဲကို ဇွန်လ ၂၉ ရက်ကနေ ဇူလိုင်လ ၂ ရက်အထိ ၄ ရက်ဆက်တိုက် ကျင်းပခဲ့ပြီး တပ်ရင်းမှာရှိတဲ့ တပ်ခွဲ၊ ရုံးအဖွဲ့၊ ထောက်ပို့အဖွဲ့၊ ထုတ်လုပ်ရေးအဖွဲ့ စတဲ့ အဖွဲ့ပေါင်းစုံကအသင်း ၆ သင်း ပါဝင်ကစားခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

“မိသားစုတွေရဲ့ အဝေးကို ထွက်လာပြီး တာဝန်ထမ်းဆောင်နေကြတော့ အချိန်ကြာလာတာနဲ့အမျှ စိတ်အားငယ်လာကြတယ်။ တောတောင်တွေထဲမှာ နေရတဲ့အခါ ငြီးငွေ့လာကြတယ်။ အဲဒီလို အခြေအနေမျိုးမှာ နွေးထွေးမှု ရင်းနှီးမှုတွေ ပြန်ရဖို့။ ရဲဘော်အချင်းချင်း ညီအကိုသဖွယ်ဖြစ်လာဖို့ ကျင်းပခဲ့တာ။ ဒီနေ့ ဒီတပ်ခွဲက ဘောလုံးကန်ရမယ့်နေ့ဆို အဲဒီတပ်ခွဲရဲ့ ရှေ့တန်းစစ်မျက်နှာကို ကျန်တပ်ခွဲတွေက တာဝန်ယူပေးတယ်။ ဝေဟင်ကို စိုးရိမ်ကြတာရှိပေမယ့် သတိနဲ့ ကစားကြတယ်။" လို့ တပ်ရင်းမှ တာဝန်ခံတဦးက ပြောပါတယ်။

အားကစားပြိုင်ပွဲကျင်းပဖို့  ၅ သိန်းနီးပါးကုန်ကျခဲ့ပြီး ပထမရတဲ့အသင်းကို ၁ သိန်းခွဲပဲ ချီးမြှင့်နိုင်ပေမယ့် အဆိုပါဆုငွေကြေးကို ရဲဘော်တွေနဲ့ လာ‌အားပေးတဲ့ ပြည်သူတွေအတွက် မုန့်နဲ့ အအေးဝယ်ဖို့ ပြန်သုံးစွဲလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ 

ရဲဘော်တွေအနေနဲ့လည်း ဘောလုံးအားကစားနည်းကို အတုယူပြီး တော်လှန်ရေးမှာလည်း နိုင်လိုစိတ်ပြင်းပြကာ ရှေ့တန်း၊ နောက်တန်း၊ ထောက်ပို့ပြည်သူ၊ CDM၊ ရဲဘော် မခွဲခြားဘဲ စည်းစည်းလုံးလုံးနဲ့ တိုက်ပွဲဝင်ဖို့အတွက်လည်း သူက တိုက်တွန်းထားပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ဒီပဲယင်း #ရွှေဘို #အားကစား #စည်းလုံးရေး #ဘောလုံးကန်

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10