သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ သံတမန်ဇုံ၊ ရွှေပြည်တော်ဝင်လမ်းနဲ့ သဇင်လမ်း လမ်းဆုံမှာ ရဲအုပ်အဆင့်ရှိသူတွေလိုက်ပါလာတဲ့ကားနဲ့ အိမ်စီးကား တိုက်မိပြီး ရဲအုပ် ၁ ဦးသေဆုံးကာ ၁၄ ဦးဒဏ်ရာရခဲ့တယ်လို့ နေပြည်တော်ရဲအသိုင်းအဝိုင်းနီးစပ်သူနဲ့ ဒေသခံတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၂ ရက်မှာ ရွှေပြည်တော်ဝင်လမ်းအတိုင်းမောင်းလာတဲ့ ရဲအုပ် ၁၇ ဦးလိုက်ပါလာတဲ့ FOTON အမျိုးအစား အပြာရောင်ကားနဲ့ သဇင်လမ်းအတိုင်း အသက် ၂၂ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦးမောင်းလာတဲ့ Toyata Crown ကားတို့ဟာ လမ်းဆုံအရောက်မှာ တိုက်မိခဲ့တာလို့ ဆိုပါတယ်။
"သူဦးတယ် ငါဦးတယ်ဆိုပြီး လမ်းဆုံကို ဇွတ်ဖြတ်ကြလို့ တိုက်မိတာနေမယ်။ ဘယ်သူမှန်လည်း မှားလည်းတော့ မသိရဘူး။ ရဲကားပေါ်မှာက တပွင့်နဲ့နှစ်ပွင့်အရာရှိတွေချည်းပဲ"လို့ ဒေသခံတဦးက ပြောပါတယ်။
ယာဥ်တိုက်မှုဖြစ်ပြီးနောက် ရဲကားက လမ်းပေါ်တိမ်းမှောက်သွားပြီး အိမ်စီးကားမှာ လမ်းဘေးမြောင်းထဲ ထိုးကျခဲ့တယ်လို့ ဆိုပါတယ်။
ယာဥ်တိုက်မှုကြောင့် ကားပေါ်ပါ ရဲအုပ် ရဝေထွန်း ဆေးရုံအရောက်မှာ သေဆုံးခဲ့ပြီး နောက်ထပ် ရဲအုပ် ၁၂ ဦးနဲ့ ရဲတပ်သား ၃ ဦးဒဏ်ရာရခဲ့တယ်လို့ နေပြည်တော်ရဲအသိုင်းအဝိုင်းနဲ့နီးစပ်သူက ပြောပါတယ်။
“အကုန်ရဲအုပ်တွေပဲ ဒုရဲအုပ်တောင်မပါဘူး။ CID (မှုခင်းတပ်ဖွဲ့ဌာနချုပ်) မှာသင်တန်းတက်နေတဲ့ သူတွေလေ၊” လို့ သူက ပြောပါတယ်။
အဆိုပါရဲအုပ်တွေဟာ နေပြည်တော်ရဲချုပ်ရုံးကပ်လျက်ရှိ CID ရုံးမှာ သင်တန်းတက်ရောက်နေသူဖြစ်ပြီး နေပြည်တော်အတွင်း ကွင်းဆင်းလေ့လာရင်းသွားချိန် ခုလိုယာဥ်တိုက်မှုဖြစ်ပြီး ကားတိမ်းမှောက်ခဲ့တာလို့လည်း သိရပါတယ်။
အိမ်စီးကားဘက်က ယာဥ်မောင်းအမျိုးသမီးလည်း ဒဏ်ရာရခဲ့ကာ ထိခိုက်ဒဏ်ရာရသူတွေကိုတော့ ဒေသခံပရဟိတတွေနဲ့ ရဲ၊ မီးသတ်တွေက ကုတင် ၁,၀၀၀ ဆေးရုံကိုပို့ဆောင် ကုသပေးနေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#နေပြည်တော် #ရဲအုပ် #ယာဥ်တိုက်မှု #သေဆုံး
Share Share Share