ရဲ ၁ ဦး အရက်ဆိုင်အိမ်သာထဲမှာ ပစ်ခံရပြီးသေဆုံး (ရုပ်/သံ)

 

ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့၊ မြို့လယ်အရက်ဆိုင်အိမ်သာထဲမှာ ရဲ ၁ ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။

အောက်တိုဘာ ၈ရက် ညနေ ၅ နာရီခန့်မှာ ဇီးကုန်းမြို့က အရက်နဲ့ခေါင်ရည်ရောင်းတဲ့ဆိုင်မှာ ဇီးကုန်းရဲစခန်းက ရဲ ၃ ယောက်ရှိနေတယ်ဆိုတဲ့သတင်းအရ ကာကွယ်ရေးအဖွဲ့တွေက သွားရောက်ခဲ့ကြတာပါ။

ဆိုင်ထဲရောက်သွားချိန်မှာ ၃ ဦးစလုံးကို မတွေ့တာကြောင့် ဆိုင်ထဲမှာရှိတဲ့ အခြားဝိုင်းတွေကို ရဲတွေရှိမရှိ KBU-တောလေး ကန့်ဘလူခရိုင် ပကဖလှုပ်ရှားအဖွဲ့ဝင် ၁ ဦးက မေးမြန်းနေတာကို ရရှိထားတဲ့ ရုပ်သံဖိုင်ထဲမှာ တွေ့ရပါတယ်။

အဲ့ဒီနောက်မှာတော့ ရဲ ၁ ဦး အရက်ဆိုင်အိမ်သာထဲမှာ ရှိနေတာကိုသိသွားပြီး အပြင်ဘက်ကနေ ပကဖ ရဲဘော် ၁ ဦးက ပစ်ခတ်ခဲ့ပြီး ဆိုင်ထဲကပြန်ထွက်သွားခဲ့ကြပါတယ်။

အဲ့ဒီလို ပစ်ခတ်ခံရတဲ့အတွက် အိမ်သာထဲမှာရှိနေတဲ့ ရဲတပ်ဖွဲ့ဝင် ခွာကြီး(ခ)ရန်ရှင်းခွာမှာ ဝမ်းဗိုက်ပွင့်ထွက်၊ အူထွက်ဒဏ်ရာတွေနဲ့ အိမ်သာထဲမှာပဲ သေဆုံးသွားတယ်လို့ KBU-တောလေးအဖွဲ့တာဝန်ခံက ပြောပါတယ်။

ဇီးကုန်းရဲစခန်းက ရဲတွေဟာ မကြာခဏဆိုသလို အရက်ဆိုင်ဝန်းကျင်မှာ ပြည်သူ့ကားတွေနဲ့ ဆိုင်ကယ်တွေ ဖမ်းဆီးစစ်ဆေး ငွေတောင်းတာ၊ ဖမ်းဆီးခံရတဲ့ ပြည်သူတွေကိုရိုက်နှက်စစ်ဆေးရာမှာလည်း နာမည်ကြီးသူတွေဖြစ်တာကြောင့် ပစ်ခတ်ရှင်းလင်းရတာလို့ ဆိုပါတယ်။

အဲဒီပစ်ခတ်မှုကိုတော့ KBU-တောလေးကန့်ဘလူခရိုင်ပကဖလှုပ်ရှားအဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

တည်းဖြတ်- ဈာန်မြင့်

#မြေလတ်အသံ

#ကန့်ဘလူ #ဇီးကုန်း #ရဲ #ပစ်ခတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10