ရွာကိုမီးရှို့ပြီး ထွက်လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံပြီး ၅ ဦးခန့် သေဆုံးဟုဆို (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကုန်းရွာက နေအိမ်တွေကို မီးရှို့ပြီးပြန်ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ကြောင်းကို မနေ့က မတ်လ ၁ ရက် မနက်ပိုင်း ၉ နာရီလောက်မှာ ကုန်းရွာနဲ့ စားတော်ပြင်ကြားအရောက် အမေရေယာဥ်နတ်နန်းအရှေ့ဘက်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကြာချိန် ၂ နာရီခန့်အထိ ကြာခဲ့ကာ စစ်ကောင်စီတပ်သား ၅ ဦးခန့် သေဆုံးနိုင်ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ Dragon Brothers Task Force -DBTF တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ယင်းမာပင်မြို့ထဲကို ဝင်သွားတယ်လို့လည်း သူက ဆက်ပြောပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူတွေနဲ့ ပတ်သက်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပြောဆိုမှုတွေအပေါ် မြေလတ်အသံအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

တိုက်ခိုက်မှုကို Dragon Brothers Task Force -DBTF ၊ ULF(မဟာမိတ်တပ်ပေါင်းစုမှ) အဖွဲ့ဝင်များဖြစ်ကြသော KLG(တပ်မဟာ)၊ Alpha Special Force၊ Truth Of Force၊ ချင်းတွင်းဂဠုန်ရာဇာ၊ Yinmarbin Local (PDF)၊ Triple Two၊ ရိုးမဖိုက်တာတပ်ရင်း(ဗိုလ်မုတ်ဆိတ်တပ်ခွဲ)၊ ဗျတ္တညီနောင်၊ ရတနာပုံတပ်ဖွဲ့၊ ချိုမိုင်မိုင်၊ ချင်းတွင်း တိုက်ဂါးForce၊ ချင်းတွင်းတိုက်ဂါး(LPDF)၊ ထန်းတပင်(LPDF)၊ GZ 21(Yinmarbin)၊ Yinmarbin PDA၊ B 21 (PDF)၊ MRDA တပ်ရင်း (Double K) မဟာမိတ်တပ်ပေါင်းစု Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇-မြင်းခြံခရိုင်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်မှာလည်း ဆားလင်းကြီးမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်အကြား ကျောက်မျက်တောင်ပေါ်မှာ မုံရွာ နမခ တပ်က တပ်စွဲထားတဲ့စခန်းကို Dragon Brothers Task Force -DBTF အဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့ပါသေးတယ်။

တည်းဖြတ် - ခင်
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10