ရွာကိုမီးလာရှို့တဲ့ စစ်ကောင်စီအဖွဲ့ စနိုက်ပါနဲ့ပစ်ခံရလို့ အရာရှိ ၁ ဦးအပါ ၄ ဦးသေဆုံးဟုဆို

ရွာကိုမီးလာရှို့တဲ့ စစ်ကောင်စီအဖွဲ့ စနိုက်ပါနဲ့ပစ်ခံရလို့ အရာရှိ ၁ ဦးအပါ ၄ ဦးသေဆုံးဟုဆို

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ သဖန်းဇင်ကျေးရွာက ဒေသခံနေအိမ်တွေကို မီးလာရှို့တဲ့ စစ်ကောင်စီအဖွဲ့ စနိုက်ပါနဲ့ပစ်ခံရပြီး ၄ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ပုဝါနီစစ်ကြောင်းဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၇ ရက် မနေ့က နေ့လယ် ၁ နာရီလောက်မှာ အင်အား ၆၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းက သဖန်းဇင်ရွာထဲကို မီးဝင်ရှို့နေချိန် ဒေသခံကာကွယ်ရေးတပ်တွေက ပစ်ခတ်ခဲ့တာပါ။ 

"သူတို့(စစ်ကောင်စီ)က အဲ့ရွာထဲမှာရောက်နေတာ ၂ ရက်လောက်ရှိပြီ။ မနေ့က သူတို့ပြန်ထွက်ကာနီး ရွာကို မီးရှို့နေချိန် ပူးပေါင်းအဖွဲ့တွေဘက်က စနိုက်ပါရော၊ လက်နက်ငယ်တွေနဲ့ပါ ပစ်တာ။ စနိုက်ပါနဲ့ ပစ်ချိန်မှာ စကစ ဘက်က သေဆုံးဒဏ်ရာရတာတွေရှိတယ်"လို့ ပုဝါနီစစ်ကြောင်း တာဝန်ခံက ပြောပါတယ်။

စနိုက်ပါနဲ့ပစ်ခံရလို့ စစ်ကောင်စီဘက်က ၄ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရကာ သေဆုံးသူတွေထဲမှာ အရာရှိ ၁ ဦးပါဝင်နိုင်တယ်လို့ ကာကွယ်ရေးရဲဘော်တွေက ပြောပေမယ့် မြေလတ်အသံက အတည်မပြုနိုင်သေးပါဘူး။ 

စစ်ကောင်စီတပ်တွေရဲ့ မီးရှို့မှုကြောင့် သဖန်းဇင်ကျေးရွာက ဒေသခံနေအိမ် ၃၀ နီးပါး မီးလောက်ပျက်စီးခဲ့ပြီး ဒေသခံတွေလည်း စစ်ကြောင်းဝင်လာကတည်းက ရွာလုံးကျွတ် ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

အဆိုပါ စစ်ကောင်စီအဖွဲ့ဟာ ရွာကိုမီးရှို့ပြီးနောက် သေဆုံးဒဏ်ရာရသူတွေကို သယ်ဆောင်ပြီး မနေ့ကညနေပိုင်းမှာပဲ ရွာကနေ ပြန်ထွက်သွားခဲ့တယ်လို့ ပုဝါနီစစ်ကြောင်း တာဝန်ခံက ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ပုဝါနီစစ်ကြောင်း၊ ကူကီးစစ်ကြောင်း၊ နေပြည်တော် PDF ၊ တောင်ငူခရိုင် ၃၅၀၁ တပ်ခွဲ ၄၊ တပ်ခွဲ ၃ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

ဇန်နဝါရီ ၂၉ ရက်မနက်ပိုင်းကလည်း ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာအနီးမှာ စစ်ကောင်စီ စစ်ကြောင်းနဲ့ PDF ပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၉ ဦးသေဆုံးကာ ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ရေတာရှည် #သဖန်းဇင်ကျေးရွာ #စနိုက်ပါ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10