ရွာခံ ၅ ဦးသေဆုံးခဲ့တဲ့ တည်တောရွာပစ်ခတ်မှုကို ရွှေဘိုခရိုင်တပ်ရင်း ၁၂ က ထိန်းသိမ်းဖြေရှင်းပေး

ရွာခံ ၅ ဦးသေဆုံးခဲ့တဲ့ တည်တောရွာပစ်ခတ်မှုကို ရွှေဘိုခရိုင်တပ်ရင်း ၁၂ က ထိန်းသိမ်းဖြေရှင်းပေး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် တည်တောရွာမှာ မေ ၂၈ ရက်က ကျေးရွာအတွင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ရွာခံ ၅ ဦးသေဆုံးကာ လသားအရွယ်ကလေးအပါအဝင် ၃ ဦးဒဏ်ရာရခဲ့တာကြောင့် ရွှေဘိုခရိုင်တပ်ရင်း ၁၂ က ဒီပစ်ခတ်မှုဖြစ်စဉ်ကို ဝင်ရောက်ထိန်းသိမ်းဖြေရှင်းပေးနေတယ်လို့ သိရပါတယ်။

မေ ၂၈ ရက် မနက် ၈ နာရီဝန်းကျင်မှာ တည်တောရွာမှာ ကင်းစောင့်ပြီး ရွာထဲပြန်ဝင်လာတဲ့ ကျေးရွာက ရဲဘော်ကင်းသမားကို ကျေးရွာထဲက ဦးလေးဆောင်တို့ သားအဖ ၄ ဦးက တားဆီးပြီး ဓားနဲ့ခုတ်ကာ သေနတ် ၁ လက်နဲ့ ဖုန်းကို လုယူသွားခဲ့ပါတယ်။ 

ဓားနဲ့အခုတ်ခံရတဲ့ ရဲဘော်ဟာ တည်တောကျေးရွာ ကျောင်းသားများအဖွဲ့ရဲ့ တပ်ဖွဲ့ဝင်တဦးဖြစ်ပြီး အသက်မသေခဲ့ဘဲ ၎င်းဆီက သေနတ်နဲ့ ဖုန်းလုသွားတဲ့အတွက် တပ်ဖွဲ့ဝင် ၈ ဦးဟာ ဦးလေးဆောင် နေအိမ်သို့ရောက်လာပြီး လုယူသွားတဲ့ ပစ္စတို ၁ လက်နဲ့ ဖုန်းကို ပြန်ပေးရန် တောင်းဆိုရာမှ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတဦးက ဆိုပါတယ်။ 

အဲဒီပစ်ခတ်မှုဖြစ်စဉ်မှာ ဦးလေးဆောင်အပါအဝင် အမျိုသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦးသေဆုံးသွားခဲ့ပြီး ၃ လသားအရွယ်ကလေးတဦးအပါအဝင် ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ 

အဆိုပါ တည်တောကျေးရွာပစ်ခတ်မှုကို ကျေးရွာပကဖ၊ ပလဖအဖွဲ့တွေက ဝင်ရောက်ဖြေရှင်းပေးနေ သော်လည်း ပြဿနာပိုမိုကြီးထွားမလာစေရန် ဒီပဲယင်းမြို့နယ်မှာ အခြေစိုက်တဲ့ ရွှေဘိုခရိုင်တပ်ရင်း ၁၂ က ဝင်ရောက်ဖြေရှင်းပေးခဲ့တာဖြစ်တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း ၁၂ နဲ့ နီးစပ်သူတဦးက ဆိုပါတယ်။

“အဲဒီတိုက်နယ်မှာရှိတဲ့ ပကဖ၊ ပလဖတွေလည်း (အင်အားအရ) မနိုင်ဘူးဆိုပြီး တပ်ရင်းကို ဆက်သွယ်လာတဲ့ အတွက် တပ်ရင်း ၁၂ က အကူအညီပေးရတာ” လို့ သူက ဆိုပါတယ်။ 

ပစ်ခတ်မှုဖြစ်စဉ်မှာ ပါဝင်ခဲ့သူအချို့ကို ဖမ်းဆီးထိန်းသိမ်းထားပြီး ကနဦးစစ်ဆေးမှုတွေအရ သေနတ်နဲ့ ဖုန်းလုယူသွားတဲ့ ဦးလေးဆောင် မိသားစုနေအိမ်ကို လက်နက်ကိုင် အယောက် ၂၀ ခန့်က ဝိုင်းဝန်းပစ်ခတ်ကာ လက်ပစ်ဗုံးပါ ပစ်ထည့်ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း ၁၂ နဲ့ နီးစပ်သူတဦးက ရှင်းပြပါတယ်။ 

တည်တောကျေးရွာမှာ ဒေသကာကွယ်ရေးလက်နက်ကိုင်အဖွဲ့တွေရှိပြီး အရင်တုန်းကလည်း လူသတ်မှုဖြစ်စဉ် တွေ ရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။

တည်တောကျေးရွာပစ်ခတ်မှုကို ရွှေဘိုခရိုင်တပ်ရင်း ၁၂ က ဦးဆောင်ပြီး တခြားတပ်ဖွဲ့တွေနဲ့ပူးပေါင်းကာ ဝင်ရောက်ဖြေရှင်းပေးရန်သွားရောက်ချိန် ကျေးရွာခံတွေက ကျေးရွာထဲ အဝင်မခံဘဲ တားဆီးဆန္ဒပြတွေတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ 

လက်ရှိမှာတော့ ပစ်ခတ်မှုကျူးလွန်ခဲ့သူအချို့ကို ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်နေပြီ ကျေးရွာအခြေအနေကို ထိန်းသိမ်းထားနိုင်တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း ၁၂ နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ပုံစာ - တည်တောကျေးရွာသို့ရောက်ရှိလာသည့် ရွှေဘိုခရိုင်တပ်ရင်း ၁၂ တပ်ဖွဲ့ဝင်များ နှင့် တည်တောကျေးရွာပစ်ခတ်မှုတွင် သေဆုံးသွားသူများ။

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဒီပဲယင်းမြို့နယ် #တည်တောရွာ #ရွှေဘိုခရိုင်တပ်ရင်း၁၂

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10