ရွာစဉ်လှည့်မီးရှို့နေတဲ့စစ်အုပ်စု ၂ ကြိမ် ကြားဖြတ်တိုက်ခိုက်ခံရပြီး ၇ ဦးသေ ၃၀ ဦးဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းမှာ ရွာစဉ်ပတ် စစ်ကြောင်းထိုး မီးရှို့နေတဲ့ အင်အား ၁၀၀ ပါ စစ်ကောင်စီစစ်‌ကြောင်းကို MBT တပ်ဖွဲ့ရဲ့ စစ်ကြောင်း ၂ နဲ့ ညီနောင်မဟာမိတ်တွေပူးပေါင်းပြီး ဧပြီ ၂၂ ရက်က ၂ ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

မြင်းခြံကစစ်သားနဲ့ တလုပ်ရွာက ပျူစောထီးပူးပေါင်းပြီး အင်အား ၁၀၀ ရှိတဲ့ စစ်ကြောင်းကို မြင်းခြံမြို့နယ်၊ သိမ်ဒိုင်ရွာနဲ့ ရွာသစ်ရွာအကြားမှာ မနက် ၈ နာရီခွဲကနေ ၁၀ နာရီအထိ ၁ ကြိမ်၊ မရိုးကုန်းရွာအနောက်ဘက် ကိုင်းတောထဲမှာ ညနေ ၃ နာရီမှာ ၁ ကြိမ်  စုစုပေါင်း၂ ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ Myingyan Black Tiger-MBT ခေါင်းဆောင်ဗိုလ်မိုက်ခဲက ပြောပါတယ်။

"တိုက်ပွဲကြာချိန်က ၂ နာရီလောက်ကြာတယ်၊ တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး စစ်ကောင်စီဘက်က စစ်ရှုံးပြီးထွက်ပြေးသွားခဲ့တာပါ။ စစ်ရှုံးထွက်ပြေးသွားတဲ့ စစ်ကောင်စီဘက်က တဖွဲ့ကနေပြီး မရိုးကုန်းရွာအနောက်ဘက်က ကိုင်းတောထဲမှာရှိတယ်ဆိုတဲ့သတင်းကို သတင်းပေးလာတာကြောင့် နောက်ထပ်တကြိမ် MBT တပ်ဖွဲ့ရဲ့ စစ်ကြောင်း ၁ က သွားပြီးတိုက်ခိုက်ခဲ့တာ။ အဲဒီမှာလည်း ၁ နာရီလောက်ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပြီး ရှုံးနိမ့်ကာ စစ်သားနဲ့ ပျူစောထီးတွေ ထွက်ပြေးသွားကြတယ်" လို့ Myingyan Black Tiger-MBT ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ မြင်းခြံက စစ်သားတွေနဲ့ တလုပ်ရွာ ပျူစောထီးတွေဖြစ်ပြီး ဧပြီ ၂၂ ရက်က မြင်းခြံမြို့နယ် ဆင်ချောင်း၊ ညောင်ဒို၊ ရန္တပို၊ ကိုင်းရွာက နေအိမ်တွေကို တရွာထွက်တရွာဝင် စစ်ကြောင်းထိုး မီးရှို့ပြီးနောက် တိုက်ခိုက်ခံရတာဖြစ်ပြီး စစ်ကောင်စီဘက်က ၇ ဦး သေဆုံးခဲ့သလို ၃၀ ဦးဒဏ်ရာရတယ် လို့ ဆိုပါတယ်။  

၂ ကြိမ်တိုက်ခိုက်ခံရတဲ့စစ်အုပ်စုဟာ ဒဏ်ရာရသူတွေနဲ့ အလောင်းတွေကို ဖောကားတစီးနဲ့  စမိတ်ခုံရွာဘက်ကို သယ်နေတာကို အမည်မဖော်လိုတဲ့ မျက်မြင်ပြည်သူတဦးပြောချက်အရ သိရတယ်လို့ ဗိုလ်မိုက်ခဲက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Myingyan Black Tiger(MBT)၊ ငါးဇွန်မြို့နယ် တပ်ရင်း ၆ တပ်ခွဲ ၁ နောင်ရိုးပြောက်ကျားတပ်ဖွဲ့ ၊ မြွေပွေးပြောက်ကျားတပ်ဖွဲ့ (LPDF) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ 

တိုက်ပွဲပြန်လာချိန်မှာတော့ MBT တပ်ဖွဲ့ နဲ့ ညီနောင်မဟာမိတ်တွေကို ဒေသခံပြည်သူတွေက ပန်းတွေ အချိုရည်တွေနဲ့ ကြိုဆိုခဲ့ကြတယ်လို့လည်းသိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ  

#မြင်းခြံ #စစ်အုပ်စု #စစ်ကြောင်းထိုး #ရွာမီးရှို့ #ကြားဖြတ်တိုက်ခိုက် #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10