ရွာတွေကို လက်နက်ကြီးနဲ့ပစ်နေလို့ ဒေသခံ ၁ သောင်းကျော် ထွက်ပြေးနေရပြီး လယ်ကွင်းပြင်တွေထဲ တဲထိုးနေရ

ရွာတွေကို လက်နက်ကြီးနဲ့ပစ်နေလို့ ဒေသခံ ၁ သောင်းကျော် ထွက်ပြေးနေရပြီး လယ်ကွင်းပြင်တွေထဲ တဲထိုးနေရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကျွန်းချောင်းလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံအနီးတဝိုက်က ရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်နေလို့ ဒေသခံ ၁ သောင်းကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။



မတ်လ ၉ ရက်နေ့ညပိုင်းမှာ ကျွန်းချောင်းလျှပ်စစ်ဓာတ်အားပေးစက်ရုံအနီးက စာသင်ကျောင်းမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအင်အား ၇၀ကျော် လာရောက်တပ်စွဲပြီး ညအချိန်တွေမှာ ကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အချိန်အတော်ကြာ ပစ်ခတ်နေတာကြောင့် အခုလိုထွက်ပြေးနေကြရတာလို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။



"ညအချိန်ရောက်ရင် ဒီကောင်တွေက နေ့တိုင်းလိုလို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်တယ်။ ဘာကြောင့်ပစ်လဲတော့ မသိဘူးပေါ့။ ကျည်တွေက နေအိမ်တွေ၊ဘုန်းကြီးကျောင်းတွေကို လာထိတာတွေရှိတယ်။ အဲဒါကြောင့် ထွက်ပြေးလာခဲ့တာပေါ့။ ဒီကောင်တွေက ယာယီတပ်စွဲတာလား။ အမြဲတမ်း တပ်စွဲ အထိုင်ချမှာလားတော့ မသိရသေးဘူး။ စောင့်ကြည့်ရအုံးမှာ" လို့ ပြောပါတယ်။



ထွက်ပြေးနေရတဲ့သူတွေဟာ ကျွန်းချောင်းလျှပ်စစ်ဓာတ်အားပေးစက်ရုံအနီးက မြို့စိုး၊ ငှက်ပျောတော၊ သီရိလေး၊ ပေါက်တော၊ ကံကြီးစု၊ အိုင်ကြီး၊ ညောင်လှ၊ ညောင်နီပင်၊ သိမ်တော်၊ ဆယ်လံစတဲ့ရွာတွေက ဒေသခံ ၁ သောင်းကျော်အထိ ရှိနေပြီး လက်ရှိမှာ လယ်ကွင်းပြင်တွေထဲ ယာယီတဲထိုး နေထိုင်စစ်ရှောင်နေရတယ်လို့ ဆိုပါတယ်။

"လယ်ကွင်းပြင်တွေထဲမှာ နေကြရတော့ အရမ်းအခက်အခဲ ဖြစ်တာပေါ့။ ဒီနေ့နဲ့ဆို ထွက်ပြေးလာတာ ၄ ရက်ရှိပြီ။ နေ့ဆို အပူဒဏ်ခံရပြီး ညဆိုအအေးဓာတ်ကို အလူးအလိမ့် ခံနေရတယ်။ ရွာကိုလည်း ပြန်မသွားရဲကြသေးဘူး။ စကစတွေက စာသင်ကျောင်းထဲ ရှိနေတုန်းပဲ။ ဒေသခံတွေကတော့ ရွာ ၁၀ ရွာကပါ" လို့ ထွက်ပြေးနေရတဲ့ အမျိုးသားတဦးက ပြောပါတယ်။



အဲ့ဒီစစ်အုပ်စုဟာ မတ်လ ၉ ရက်နေ့က ဆိက္ခဝ ပျူကျေးရွာကနေ တန့်ကြည်တောင်ပေါ်ကို စစ်ကြောင်းထိုးလာခဲ့ပြီး အဲ့ဒီတောင်ပေါ်ကနေတဆင့် ကျွန်းချောင်းလျှပ်စစ်ဓာတ်အားပေးစက်ရုံအနီး အထက စာသင်ကျောင်းကို ရောက်ရှိတပ်စွဲကာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10