ရွာထဲကို စစ်တပ်က ရုတ်တရက်ပစ်ခတ်ဝင်လာလို့ ပြည်သူ ၂ ဦးသေဆုံးထားပြီး အချို့ပိတ်မိ (ရုပ်/သံ)

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နဲ့ ၂မိုင်ကျော်ကွာဝေးတဲ့ ထနောင်းဝန်းကျေးရွာထဲကို စစ်ကောင်စီတပ်တွေက ရုတ်တရက် ပစ်ခတ်ဝင်ရောက်လာတာကြောင့် ကျည်ထိမှန်သေဆုံးသူတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၁၂ရက် မနေ့က နေ့လယ်ပိုင်းမှာ ရွှေဘိုမြို့၊ ခလရ ၄၂ က ထွက်လာတဲ့ အင်အား ၈၀ ခန့်ပါ စစ်ကြောင်းက ရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေပစ်ပြီး ဝင်လာတာဖြစ်တယ်လို့ ဆိုပါတယ်။ 

“ပြည်သူတွေလည်း (ရွာ)အတွင်းထဲမှာ တော်တော်များများ ကျန်သေးတယ်။ သေတဲ့သူကတော့ ၂ယောက်ရှိသွားပြီ။"လို့ ရွှေဘိုဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးကျည်ထိမှန်လို့ အသက် ၂၄ နှစ်အရွယ် မရီရီခင်နဲ့ အသက် ၆၀ အရွယ် အမျိုးသားတဦး သေဆုံးခဲ့ပြီး အမျိုးသားရဲ့အလောင်းကိုတော့ ရွာထဲမှာ စစ်သားတွေရှိနေသေးတဲ့အတွက် မကောက်ယူနိုင်သေးဘူးလို့ ပြောပါတယ်။

“ပြည်သူ ၆ ဦး ပစ်ခံရတယ်လို့ သတင်းရတယ်။ ၃၀ လောက် ဓားစာခံတွေ ပိတ်မိနေတယ်လို့တော့ အကြမ်းဖျင်း သတင်းရထားတယ်။”လို့ ရွှေဘို‌ဒေသခံ ရဲဘော်တဦးက ပြောပါတယ်။

ထနောင်းဝန်းကျေးရွာထဲမှာ ကျည်ထိမှန်တဲ့ ပြည်သူတွေ ထပ်ရှိသေးတယ်လို့ ပြောဆိုနေကြပေမယ့် မြေလတ်အသံအနေနဲ့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ စစ်ကောင်စီတပ်သားတွေက ရွာထဲမှာရှိနေသေးပြီး ကျေးရွာထဲမှာရှိတဲ့ နေအိမ်တွေကနေ ပစ္စည်းတွေယူနေသလို ကျေးရွာဘုန်းကြီးကျောင်းမှာလည်း လက်နက်ကြီး တပ်ဆင်ထားတယ်လို့ သိရပါတယ်။

စာတည်း - ဈာန်မြင့်၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #ထနောင်းဝန်း #စစ်တပ် #အရပ်သား #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10